WONDERFUL UNIVERSE
Mogok
Sunday, May 6, 2012
တစ်နေ့နေ့
Friday, May 4, 2012
အ၀ါရောင် ည
| Reactions: |
Tuesday, May 1, 2012
အိပ်တန်းပျံငှက်ရဲ့ ဒိုင်ယာရီ
(၁)
လေယာဉ်ကွင်းကို စထွက်လာကတည်းက ရင်ထဲမှာ အပျော်တွေနဲ့ ပြည့်သိပ် လှုပ်ခုန်လို့..။ အိပ်ယာက မထနိုင်၊ လိုက်မပို့နိုင်တဲ့သူတွေကိုလည်း စိတ်ဆိုးချင်ယောင် မဆောင်အားသလို နှုတ်ဆက်စကားတွေ ချွေဖို့ရာလည်း သတိမရ။ အိပ်ချင်မူးတူးနဲ့ လေဆိပ် လိုက်ပို့ပေးရလို့ ဘေးမှာ စူပုပ်ပွနေတဲ့ မျောက်မျက်နှာကိုလည်း ဂရုမပြုမိတော့ပါ။
MAI/ JETSTAR က ယနေ့ခရီးစဉ်မှာ ခရီးသည် အပြည့် စီးနင်းလိုက်ပါသောကြောင့် ခရီးဆောင်အိတ်များကို အဆင်မပြေပါက နောက်လေယာဉ်ဖြင့် သယ်ဆောင်ပေးပါမည် ဆိုတာကြောင့်လဲ စိတ်အနှောက်အယှက် ကြာကြာ မဖြစ်လိုက်ပါ။ အိမ်.... အိမ်ကို မြန်မြန် ပြန်ရောက်ချင်ပြီလေ.....။ ဖေ နဲ့ မေရေ သား ပြန်လာပြီ လို့ စိတ်ထဲကနေ အကြိမ်ကြိမ် အော်ဟစ်ရင်း.......
ရန်ကုန်လေဆိပ်ရောက်တော့ အားလုံးက ချောချောမောမော... တစ်ခုပဲ အူကြောင်ကြောင် ဖြစ်ရသည်က အင်မီဂရေးရှင်းမှာ တန်းစီနေတုန်း လေဆိပ်က တာဝန်ကျသူ သမီးပျိုလေးတစ်ဦးက "Sir, this is only for Myanmar Passport Holder, Foreigners are over there" လို့ လာပြောတာ တစ်ခု ပါပဲ။ :-P
ဖေ နဲ့ မေကို ပင်ပန်းမှာစိုးလို့ လေဆိပ်မှာ လာမကြိုဖို့ ပြောထားမိလေတော့ ရန်ကုန်မြေပေါ် ခြေချချချင်းမှာ ဖေနဲ့ မေ့ကို မတွေ့ရပါ။ ညီမလေး နှင့် ညီလေး... နောက်ပြီး သူငယ်ချင်းတစ်ချို့ကို တွေ့ကတည်းက ကျွန်တော်က ပျော်နေနှင့်ပြီ။ အငှားကားပေါ်မှာ မောင်နှမတွေ ဗျောင်းဆန်အောင် သောင်းကျန်းကာ စကားတွေ ရေပက်မ၀င် ပြောနေကြလေတော့ ကားမောင်းသူပင် အပျော်တွေ ကူးစက်လို့...။
ကားရပ်ရပ်ချင်းမှာပဲ အိပ်ပေါက်ဝ ထိပ်မှာ စောင့်နေတဲ့ ဖေ့ကို တွေ့ရပါပြီ။ သိပ် ဒရမာ ဆန်တာပဲ မဝေဖန်ကြပါနဲ့။ ကားပေါ်က ပြေးဆင်းပြီး ဖေ့ကို ပြေးဖက်မွှေ့ရမ်း နမ်းပစ်လိုက်တယ်။ ဖေကပဲ ပိန်သေးသေးလေး ဖြစ်သွားတာလား၊ ကျနော်ကပဲ ဗလကြီးလာတာလား.. ဖေ့ကိုယ်ပေါ့ပေါ့လေးကို ချီမြှောက်ရင်း.... အရင်က ကျနော် ခိုစီးခဲ့ရတဲ့ ဖေ့လက်မောင်းကို ပြန်သတိရမိတော့.. ငယ်ဘ၀ကို လွမ်းသွားပြန်ပါတယ်။
ဖေက ငါလည်း သန်မာပါသေးတယ် ဆိုတာကို သက်သေပြချင်လို့ထင်ရဲ့.... အထုပ်အပိုးတွေ ဇွတ်မ နေလို့ မနည်းတားရပါသေးတယ်။ သားတို့ ခိုစီးခဲ့တဲ့ လက်မောင်းတွေလေ လို့ အရင်လိုပဲ ရွှတ်နောက်နောက်နဲ့ ဖေပြောတော့ အလွမ်းတစ်ချို့ ပြေလျော့လို့သွားတယ်။
အိမ်ပေါ်မှာ စောင့်နေတဲ့ မေ့ဆီကို လှေကားတွေပေါ် ၀ရုန်းသုန်းကား ပြေးတက်ပစ်လိုက်ရင်း ပါးစပ်ကလဲ မေရေ.. သားပြန်လာပြီ လို့ တကျော်ကျော်အော်ရင်း.. အပေါက်ဝလဲရောက်ရော မေက ဒေါက်ခနဲ ခေါင်းခေါက်ပြီး ကြိုလေတော့တယ်။
ဟဲ့ မကြီးမငယ်နဲ့ အဲလောက်အော်လာရသလား၊ ဘေးအိမ်တွေ အားနာစရာ တဲ့လေ။
နဖူးအတော်နာသွားပေမဲ့ ချိုမြန်လှတယ်။ နဖူးကို ပွတ်ရင်း နာတာ မေရာ လို့ ပြောတော့ ထုံးစံအတိုင်း မေက ဘုကြည့်ကြည့်ရင်း ပိုကိုပိုတယ် လို့ ပြောပေမဲ့ မေ့မျက်လုံးတွေက ပျော်ရွှင်ကြည်နူးရိပ်တွေက ကျွန်တော့်ကို အမောပြေ အလွမ်းဖြေပေးနေပါတယ်။
(ဒိုင်ယာရီက ဆက်ရန် ကျန်ပါသေးတယ်။ အပျင်းလဲမပြေ အပျော်ဖတ်လဲမဟုတ်တဲ့ စာတွေ ဆက်လက်ရေးသားနေပါအုံးမယ်ခင်ဗျားးး)
မိုးကုတ်သား
| Reactions: |
Monday, January 2, 2012
“သူမ မိုးလေ၀သထဲက ကျွန်တော့်အိမ်ရာ”

ကျွန်တော့်အပြုံးတွေ နေကြတ်သွားခဲ့ရ
မင်း ဘာကြောင့် ဒီလောက် နေနိုင်ရပြီး ငါက ဘာကြောင့် မနေနိုင်ရတာလဲ။
စိတ်ထဲမှာ အရှုံး မပေးချင်သည့် အတ္တတို့က ခေါင်းထောင်ထလာတော့ ဗြုန်း ဆို စက်ဘီးလက်ကိုင်ကို ပြန်လှည့်ပစ်ချင်စိတ်တွေက တဖွားဖွား။
သို့သော် နာကျင်နှလုံးသားက စက်ဘီးကို ရှေ့ဆက် နင်းဖို့ရာသာ ဆွဲခေါ်လို့နေသည်။
ကျွန်တော့်ကြယ်စင်ရွှန်းမြ အဆိပ်လှိုင်း
ကျွန်တော့်နှလုံးသွေးစီးရာအတိုင်း
ရင့်ရင့်ရိုင်းရိုင်း..ရူးနှမ်း လှပလို့..
သူမ ဒီလောက်ထိ သူ့အပေါ် မမာကျောနိုင်ခဲ့ဘူးလို့ ထင်ထားခဲ့မိတာ ကျွန်တော့်အမှား။ ခုတော့ သူမက ကျွန်တော့်ရှေ့မှောက် ရောက်လာရမဲ့အစား ကျွန်တော်က... ။ ခါးသီးမှုတို့က လည်ချောင်းဝထိ ပူပြင်းစွာ လှိုက်တက်လာခဲ့သည်။
ကိုယ်ပြည့်စိတ်ပြည့် သယ်ပိုးထားမိတော့
သူသက်ပြင်းချလိုက်တိုင်း
ကျွန်တော့်လွင်ပြင်မှာ မုန်တိုင်းတွေဆင်ဖွဲ့
နှင်းတွေက ပိုလို့ တဖွဲဖွဲ ကျလာခဲ့ပြီ။ မြူတွေဆိုင်းနေပုံက ရှေ့တစ်ခေါ်စာမျှပင် ကောင်းကောင်း မမြင်ရချင်တော့။ သူမ၏ အိမ်ကလေး ရှိရာ ရပ်ကွက်လေးထဲ စက်ဘီးကို ချိုးကွေ့ ၀င်မသွားသေးပဲ လမ်းထိပ်မှာ ကျွန်တော် တွေဝေနေမိပြန်သည်။ ကျောရိုးတစ်လျှောက် စိမ့်ကနဲ နေအောင် တစ်ချက်တစ်ချက် တိုက်ခတ်လာသည့် လေတွေက အရင်လို နုအေးမနေပဲ ရက်ရက်စက်စက် အေးခဲနေလေသလား။ အဲဒီလို လေအေးအေးတွေ ကြမ်းကြမ်းတိုက်လာတိုင်း ကျွန်တော့်နှလုံးသားက အေးစက် ထုံထိုင်းသွားရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။ ဒါဆို အေးခဲသွားတဲ့ နှလုံးသားမှာ သူမအတွက် ဘာ ခံစားချက်တွေမှ ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး။
“စီးကရက် တစ်လိပ်လောက် သောက်လိုက်ရရင်ဖြင့် နွေးသွားမယ် ထင်တယ်”
တိုးဖွဖွ စကားသံတစ်ခုကို ကြားမိပြန်တော့ ထိုအသံတွေ နားထဲ ထပ်ဝင်မလာအောင် ခေါင်းကို အလန့်တကြား ခါယမ်း ပုတ်ထုတ်မိတော့သည်။
သွားစမ်းပါ၊ သွားစမ်းပါ။ စေတနာစကားတွေကို တစ်ခုမှ အရေးမစိုက်တဲ့ မိန်းမတစ်ယောက်ကို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီး မင်း အခု လှည့်ပြန်သွားလိုက်။
ဦးဏှောက်ထဲက စကားသံတွေကို မသိကျိုးကျွံပြုသလို နှလုံးသားက သူမ၏ အရိပ်တစ်ချို့ကို မွတ်သိပ်နေပြန်တော့ သူမနေထိုင်ရာ ရပ်ကွက်လေးဆီ ဦးတည်နေသော လမ်းမတစ်လျှောက် စက်ဘီးကို ဆက်နင်း လာခဲ့မိပြန်သည်။
ကျွန်တော့် စိုးရိမ်ရေမှတ်ဒီရေဖြစ်ခဲ့တယ်..။
ဒီစကားတွေက လူကြားလျှင် သိပ် ရယ်စရာ ကောင်းနေပါလိမ့်မည်။ မိန်းခလေးတွေ အများစုက သူတို့ ချစ်သူ ကောင်လေးတွေကို ပြောနေရသော စကားတွေကို ကျွန်တော်က သူမ အား ပြောနေခဲ့ရတဲ့ ဘ၀။ ထိုစဉ်က တွေကနဲ ဖြစ်သွားသော သူမသည် ကျွန်တော် အင်မတန်မုန်းလေသော လှောင်ရယ်သံတို့ဖြင့် ညှင်းညှင်းသဲ့သဲ့ ရယ်ရင်း ကျွန်တော့်ကို စိုက်ကြည့်လို့။
ထိုရယ်သံတွေထဲမှာ “မင်း ကိုယ့်ကို မဖြတ်နိုင်ပါဘူး” ဆိုသော သေချာမှုတွေ ပါသည်။ ထိုအကြည့်တွေထဲမှာ “ဘယ်သူ ဒူးထောက်ရမလဲ၊ စောင့်ကြည့်တာပေါ့” ဆိုတဲ့ စိန်ခေါ်မှုတွေ ပါသည်။ ထိုရယ်သံ၊ ထိုအကြည့်တွေကြောင့်ပဲ ကျွန်တော့် မာနတွေက တစ်လတိတိ သူမကို မတွေ့ပဲ နေနိုင်ခဲ့ခြင်း ဖြစ်ဟန် တူပါသည်။ သို့သော် ရင်ထဲမှာ တမြေ့မြေ့နှင့် တငွေ့ငွေ့ လောင်မြိုက်နေသော လွမ်းဆွတ်သတိရမှု တို့က ကျွန်တော့်မာနတွေကို တိုက်စားလေတိုင်း သူမ၏ လှောင်ရယ်သံ ညှင်းသဲ့သဲ့တို့ကို ပြန်ကြားနေရသည်ကတော့ အင်မတန်မှ ခါးသီးလှပါသည်။
သူ့မျက်စောင်းတစ်ဝင့်ဟာ..
ကျွန်တော့ကို ထစ်ထစ်ပြနေတဲ့မိုးကြိုး
သူ့မျက်ဝန်းတစ်ညိုဟာ..
ကျွန်တော့်ဆီပြိုကျလာတဲ့ တိမ်မည်းတိမ်ညိုလို
လမ်းသွယ်လေးအတိုင်း စက်ဘီးကို တဖြည်းဖြည်း နင်းသွားနေရသည်က ကျွန်တော့်အတွက်တော့ မာယာထောင်ချောက်ထဲ တိုးဝင်နေရသည်နှင့် တူသည်။ မာယာထောင်ချောက်.. မဟုတ်သေးပါဘူး။ သူမက ကျွန်တော့်အပေါ် ဘာ မာယာမှ သုံးခဲ့တာမှ မဟုတ်တာ။ သူမက ကျွန်တော့်အပေါ် သိပ်ကို ပွင့်လင်းသော ငယ်သူငယ်ချင်းတစ်ယောက် ဖြစ်သလို လောကကြီးကို အရွဲ့တိုက်ဖို့ ကြိုးစားနေတဲ့ ခပ်ဆိုးဆိုး ချစ်သူ ကောင်မလေး တစ်ယောက်လဲ ဖြစ်သည်။ သူမ၏ နှလုံးသားတွေက ခုလို တစ်ဆုပ်တခဲ ကျနေသည့် နှင်းထုတွေထက် ပိုပြီး အေးစက်နေနိုင်မယ် မထင်ပါဘူး။ မင်းကိုယ့်ကို တွေ့တဲ့အခါ ကျေးဇူးပြုပြီး မလှောင်လိုက်ပါနဲ့။ မင်းရဲ့လှောင်ရယ်သံတစ်ချက်အောက်မှာ ငါ့နှလုံးသားက အေးခဲကွဲကြေသွားနိုင်တယ် ကောင်မလေးရဲ့။ အတွေးစတွေနဲ့ စက်ဘီးကို နင်းလာရင်း သူမ၏ အိမ်ရှိရာ လမ်းသွယ်လေးနား နီးလာတော့ စိတ်တွေက အေးစက်လေးလံလာပြန်သည်။ ဒီအထိ ရောက်လာခဲ့ပြီးမှတော့ ပြန်လှည့် မသွားတော့ဘူး။ သူမကို ကျွန်တော် တွေ့ခွင့်ရမှ ဖြစ်မယ်။ သို့သော် ကျွန်တော်က စက်ဘီးကို ရှေ့ဆက် မနင်းနိုင်သေးဘဲ လမ်းမ အလယ်မှာ ရပ်တံ့ကာ တွေဝေနေမိပြန်သည်။
သူ့အပြုံးဟာ..
ကျွန်တော့်ဆီဖြာလွင်ကျလာတဲ့ လမင်းရောင်စဉ်
သူ့မျက်တောင်ကော့ဆီမှာ ကျွန်တော့ဖွဲ့သီရာမရ ကာရန်တွေရှိခဲ့..
“ငါက အချစ်ကို မယုံဘူး။ အထူးသဖြင့် နင်တို့ ယောက်ျားတွေကို မယုံဘူး”
နာနာကျည်းကျည်း ပြောနေသော သူမ၏ မျက်နှာပေါ်မှ ပြောင်းလဲနေသော အရိပ်တွေကို ငေးမောရင်းက သူမ၏ စိတ်ဒဏ်ရာတွေကို ကျွန်တော့် ချစ်ခြင်းသစ္စာတို့ဖြင့် ဆေးကြော သန့်စင်ပေးဖို့ ဆုံးဖြတ်ခဲ့ဖူးသည်။
“အချစ်ဆိုတာကို ငါမသိဘူး။ ဒါပေမဲ့ ငါ့ဘ၀မှာ နင်မရှိလို့ မဖြစ်တာတော့ ငါ့ကိုယ်ငါသိတယ်”
သူမထံမှ ထိုစကားကို ကြားရတော့ သူမကို နင့်နင့်နဲနဲ ချစ်ခဲ့ရသမျှ ထိုက်တန်သည်ဟု တွေးထင် ပျော်ရွှင်ခဲ့ဖူးသည်။
“ငါ့ချစ်သူ ဖြစ်ချင်တဲ့နင်၊ ငါ့ဆိုးမျိုးကို ဘယ်လောက် သည်းခံနိုင်မလဲ၊ စောင့်ကြည့်လိုက်အုံးမယ်”
သူမကို သိပ်ချစ်တဲ့အကြောင်းတွေ ကျွန်တော် မြတ်မြတ်နိုးနိုး ပြောမိတိုင်း သူမက ထိုသို့ ပြောပြီး ရယ်မောပစ်တတ်ခဲ့သည်။
သို့သော် အချစ်ဆိုတာကို သူမ ဘယ်လောက်ပင် အလေးအနက် ထားထား၊ မထားထား။ ကျွန်တော့် ရင်ထဲမှာ ငယ်သူငယ်ချင်း ဘ၀ကတည်းက အမြစ်တွယ်လာသော အချစ်တွေက လျော့ပါး မသွားခဲ့တာ သိပ်ကိုသေချာခဲ့ပါသည်။ သူမကို တစ်စက္ကန့်မျှ အမြင်အာရုံထဲက ကွယ်ပျောက်တာနှင့် ရင်ထဲမှာ စူးကျင်မောဟိုက်အောင် လွမ်းတနေတတ်ခဲ့တာ။ ထိုအရာတွေအားလုံး အိပ်မက်တွေတော့ မဟုတ်ခဲ့ကြပါ။
ညဥ့်နက်စ ပြုနေပြီ ဖြစ်သောကြောင့် သူမတို့ တစ်အိမ်သားလုံး အိပ်မောကျနေမည်လား။ ဒီအချိန်ကြီး သူမအိမ်ရှေ့မှာ သူမ၏ အရိပ်လေးကို တွေ့လိုတွေ့ငြား မျှော်လင့်ပြီး ထွက်လာခဲ့သော ကျွန်တော့်လုပ်ရပ်မှာ ရူးနှမ်းခြင်း သက်သက်မျှသာ ဖြစ်ပါလိမ့်မည်။ သို့သော် သူမ အိမ်ရှေ့နား ရောက်ခါနီးလေ၊ ရင်တွေက ပို အခုန်မြန်လာလေ ဖြစ်နေမှန်း ဘာသာ သိနေမိတော့ ကျွန်တော် တစ်ချက်ပြုံးမိသည်။ ထိုအပြုံးသည် ကိုယ်ပိုင်အတ္တနှင့် ရောထွေးသွားသောအခါ နာကျင်မှုတို့ဖြင့် မဲ့ကွေးကျသွားပြန်၏။ စက်ဘီး တစ်ချက် နင်းလိုက်လေတိုင်း သိမ်ငယ်မှုတွေက ကျွန်တော့်စိတ်ကို ကြိတ်ခြေနေသလို သူမကို မြင်တွေ့ချင်စိတ်ကလည်း သွေးကြောတွေထဲ လှည့်ပတ်လို့။ စက်ဘီး တစ်ချက် အလှိမ့်တိုင်းသည် ကျွန်တော့် ရှုံးနိမ့်ခြင်းတစ်ခု ဖြစ်သလို သူမအပေါ် စွန့်လွှတ်ချစ်ခြင်းတစ်ခုလည်း ဖြစ်သည်။
ကျွန်တော့်မိုးခေါင်ရေရှားဂီတ
သူ့နွေဦးရာသီမှာမှ...
အရင်ဆုံးပွင့်ပြချင်တဲ့ ပန်းတစ်ပွင့်ဖြစ်ခဲ့တယ်..။
“မေ ငို ချလိုက်ပါလားဟင် ”
နောက်မိန်းမပေါင်း များစွာတွေထဲက တစ်ယောက်နှင့် သူမ၏ဖခင် အတိအလင်း လက်ထပ်လိုက်သည့်နေ့က အံကို တင်းတင်းကြိတ်ကာ အသားတွေ တစ်ဆတ်ဆတ် တုန်နေသည်အထိ နာကျင်ထိခိုက်နေသော သူမကို ဘယ်လို အားပေးရမည်မှန်း ကျွန်တော် မသိတတ်တော့။
ကျွန်တော်သည် သူမ ဖခင်ကဲ့သို့ မိန်းမတွေ မှိုလိုပေါက်အောင် ဖောက်ပြားမည့်သူမဟုတ်။ သူမ၏ ချစ်ဦးသူလို သူမအပေါ် သစ္စာမဲ့မည့် ယောက်ျားတစ်ယောက်မဟုတ်။ သူမ ဆော့ကစားခဲ့သော၊ ဆော့ကစားနေသော မဟာပုရိသ ကျားများလို သူမ၏ ခန္ဒာကိုယ်ကို မျက်လုံးများ၊ စကားလုံးများနှင့် ကျူးကျော် စော်ကားမည့်သူမဟုတ်။
“နင့်ကို ငါ သစ္စာရှိစွာ၊ နောက်ပြီး နားလည်တန်ဖိုးထားစွာ တစ်သက်လုံး မြတ်မြတ်နိုးနိုး ချစ်သွားမှာပါ”
အဲဒီလို ကျွန်တော် သူမကို ပြောမိတိုင်း သူမက “နင်တို့ ယောက်ျားတွေက အဲဒီလိုတွေ လျှာရိုးမရှိတိုင်း သိပ်ပြောတတ်ကြတာပဲ” ဟု ပြုံးနေသော်လည်း မဲ့ဟန်ပေါက်သည့် နှုတ်ခမ်းများဖြင့် ပြန်ပြောတတ်သည်။
ထိုစဉ်ကတည်းက “တစ်နေ့တော့ ငါ့အချစ်ကို နင် အသိအမှတ်ပြုစေရမယ်။ လောကကြီးတစ်ခုလုံး နင် ခပ်စောင်းစောင်းမြင်နေတဲ့ ယောက်ျားမျိုးတွေချည်း ရှိနေတာ မဟုတ်ပါဘူး” ဟု စိတ်ထဲက ပြန်ချေပရင်း မခံချိမခံသာဖြင့် သူမ၏ မချိုမချဉ် မျက်နှာပေးကိုသာ လက်လျော့ ငေးနေရတတ်သည်။ တစ်ခါတစ်ခါမှာတော့ သူမသည် ကျွန်တော့်လို ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတစ်ယောက်ကိုပင် ထိုယောက်ျားများနှင့် တစ်တန်းတစ်စားတည်း ထားလေသည်လား တွေးတောကာ စိတ်မကောင်း ဖြစ်ရမြဲ။
သူမ ဆော့ကစားနေသော ကစားပွဲများမှာ အင်မတန် အန္တရယ် ကြီးမားမှန်း ကျွန်တော် သတိပေးမိတိုင်း “အေးဆေးပါ” ဆိုသည့် မျက်နှာပေးဖြင့် သူမက ကျွန်တော့်ကို ခပ်ပေါ့ပေါ့သာ တုန့်ပြန်တတ်သော်လည်း၊ တစ်ယောက်ယောက်နှင့် သူမချိန်းတွေ့တိုင်း ထိုနေရာနှင့် မလှမ်းမကမ်းမှာ ကျွန်တော့်ကို ရှိနေစေတတ်ပါသည်။
“ကောက်ရိုးပုံစောင့်တဲ့ ခွေး” ဟူသော ဘွဲ့ထူးကို သူမ၏ လုံခြုံမှုအတွက် ကျွန်တော် ကျေနပ်စွာ လက်ခံယူခဲ့သည်။
“နင်က ငါ့ရဲ့ကိုယ်ရံတော်တပ်မှူးလေးပါကွယ်” လို့ ကျွန်တော့်နဖူးကို လက်ညှိုးလေးနှင့် ဖွဖွ တို့ထိပြောတိုင်း ကျွန်တော့်တစ်ကိုယ်လုံး ပီတိတို့ဖြင့် ပြည့်ဖုံးလျက် မပြုံးပဲ မနေနိုင်ခဲ့ချေ။
ကောင်မလေးရေ..
ငါ့ကိုရွာမယောင်တော့ မလှည့်စားလိုက်ပါနဲ့
စက်ဘီးကို နင်းနေရင်းက ကျွန်တော် ဟက်ခနဲ တစ်ချက် ရယ်လိုက်မိသည်။ ခရီးအတော် နင်းခဲ့ရသောကြောင့် ထင်သည်။ ကျွန်တော်သည် ဆောင်းလေ၏ အအေးဒဏ်ကို မမှုတော့။ သွေးပူလာသောကြောင့်ဖြစ်မည်။ အနည်းငယ်ပင် နွေးထွေးလို့လာခဲ့ပြီ။
“နင့်ကို သူက ဘယ်လို နဖားကြိုးတပ်ထားသလဲ” ဟုမေးလာတိုင်း “ကျွန်တော်ကိုယ်တိုင် သူ့ချည်တိုင်မှာ တယုတယ ၀ပ်ဆင်း ခြေကျင်းခတ်ခံခဲ့တာ” လို့ ပြန်ပြောလိုက်ရတဲ့ အရသာကို သတိရပြီး လေတစ်ချက်ပင် ချွန်လိုက်မိသေးသည်။ သူမအပေါ် ကျွန်တော့်လောက် ဘယ်သူက ချစ်နိုင်မှာတဲ့လဲ။ အတွေးတွေနှင့် ကျေနပ်နေရင်း ကျွန်တော့်စိတ်တို့က သူမအိမ်ရှေ့သို့ အမြန်ရောက်လိုစိတ်တို့ ပြင်းပျလာလေတော့သည်။ စက်ဘီးကို အရှိန်မြှင့်တင်လိုက်ရင်း၊ စိတ်ထဲက “ရေး” ခနဲ တစ်ချက် အော်မိရင်း၊ “မေရေ” လို့ သူမအိမ်ရှေ့မှာ လေချွန်သံပေးလိုက်တဲ့အခါ သူမ ဘယ်လိုတုန့်ပြန်မှာလဲ သိလိုစိတ်တို့က ရင်တစ်ခုလုံး ပြည့်မောက်လာသည်။ သူမ ကျွန်တော့်ကို လွမ်းနေမှာလား။ သူမကျွန်တော့်ကို လွမ်းနေမှာပါ။ ဒါဟာ သူမနဲ့ ကျွန်တော့်ကြားက ပထမဆုံး နဲ့ နောက်ဆုံး မာနပြိုင်ပွဲသာ ဖြစ်ပေလိမ့်မည်။
တစ်သက်စာ ကျေနပ်စွာ အနိုင်ယူပါတော့ချစ်သူရေ၊ ငါ့အချစ်တွေဟာ မင်းရဲ့ သံသယ အရိပ်မဲတွေကို မြူတစ်မှုံစာ မကျန်အောင် ဖယ်ရှားပေးနိုင်လိမ့်မယ်ကွဲ့ ကောင်မလေးရဲ့။ တစ်ချိန်ချိန်ပေါ့။ ဘယ်လောက်ပဲ ကြာကြာ၊ အဲဒီတစ်ချိန်ချိန်ကို ရောက်ဖို့ ငါ ကြိုးစားပါ့မယ်။
ဒီလိုတွေးမိတော့ ကျွန်တော့်နှလုံးသွေးကြောတွေထဲ ခွန်အားတစ်ချို့က ဖြတ်ခနဲ အရှိန်အဟုန်အပြည့် စီးမျော ပေါ့ပါး ပျော်ရွှင်လာသည်။ နှင်းထုကိုထိုးခွဲလျက် မြှားတစ်စင်းလို ပြေးနေသော စက်ဘီးကို ခွန်အားကုန် နင်းပစ်လိုက်ရင်း သူမတို့ အိမ်ရှိရာ လမ်းသွယ်လေးထဲစက်ဘီးကို ဆွဲကွေ့ဝင်လိုက်သည်။ နှင်းထုထဲမှ လင်းခနဲ ဖြာလာသော စူးရှရှ အလင်းနှစ်ခုနှင့် ကျွန်တော် မျက်နှာချင်းဆိုင်မိတော့ နာကျင်စူးရှသော ဒဏ်တစ်ခုက ရင်ခေါင်းဝကို ထိုးဆောင့်တက်ကာ လူက အဝေးကို လွင့်စင်သွားသလို။ နောက်တော့ ကျွန်တော့ မျက်လုံးတွေထဲ ပကတိအမှောင်တစ်ခုက လျင်မြန်စွာ ထိုးဆင်းကျလာခဲ့တော့သည်။
မင်းမိုးချိမ်းသံတွေအောက်မှာ
ငါက
မှောက်မှောက်မှားမှား
ဒူးထောက်ထားနှင့်မိသူပေါ့ကွယ်...။ ။
နောက်ဆုံးတော့ နင့်ရှေ့ကို ငါ..ရောက်လာခဲ့ရတာပဲမလား။ မောလိုက်တာကောင်မလေးရယ်။ စက်ဘီးကို တအားနင်းခဲ့ရပေမဲ့ ငါက ခုမှ လိုအပ်တာထက် ပိုပြီး နာကျင်ပင်ပန်းနေသလိုပဲ။ အာခေါင်တွေတောင် ခြောက်ကပ်ပြီး ရေငတ်နေသလိုလို။ ဒါပေမဲ့ ငါလိုအပ်နေတာ ရေအေးအေးတစ်ခွက်ထက် နင့်ရဲ့ ကြည်လင်ရွှန်းပ အပြုံးတစ်စလေးပါ။
ငါက နင် စိတ်ဆိုးပြီး ဆူဆောင့်နေတဲ့ အချိန်တောင် ပြန်စိတ်မဆိုးရက်ပဲ နင့်အအော်အငေါက်ကို ကျေကျေနပ်နပ် ခံယူခဲ့သူပါ။ နင့်ဘေးနားမှာ ငါ ရှိနေခွင့်ရသ၍ အရာရာကို ငါကျေနပ်နိုင်ခဲ့တာ နင်အသိခဲ့ဆုံးပါ။
ခုလည်း ငါ့မာနတွေ ခ၀ါချပြီး နင့်အိမ်ရှေ့ကို ရောက်လာခဲ့ပြန်ပြီ။ နင်ယုံကြည်ထားတဲ့အတိုင်း ငါက နင့်ဆီကနေ ဝေးဝေးကို ပြေးထွက်မသွားနိုင်ခဲ့ဘူး ဆိုတာ သိပ်သေချာနေခဲ့တဲ့ အတွက် နင်... ကျေနပ်လိုက်တော့နော်။
နင့်အိမ်ရှေ့ကို ငါရောက်လာတိုင်း ထိုင်နေကျ လမ်းဘေး အုတ်ခုံလေးမှာ ၀င်မထိုင်ခင် လေချွန်သံ ပေးတတ်တာကို နင် သိပ်သဘောကျခဲ့တယ်။ ခုလည်း ငါ လေချွန်နေတယ်။ ဒါပေမဲ့ ငါ့လေချွန်သံကို ငါ ပြန်မကြားရဘူး။
နင်.. နင်ရော ကြားရရဲ့လား။
အလို.... ငါ့အာရုံတွေက ဘာလို့ အနီတွေ ရင့်ရိုင်းနေတာပါလိမ့်။
အနီတွေ... အနီတွေနဲ့ အတူ ငါ့စိတ်တွေက နင်နဲ့ ဝေးရမှာကို ခါတိုင်းထက် ပိုပြီး ဘာကြောင့် တုန်လှုပ်လာရတာလဲ။ “ဘယ်တော့မှ မခွဲဘူး” လို့ နင့်ကို ပေးထားတဲ့ ကတိစကားကို နင်ကြားအောင် ငါ တဖွဖွရွတ်နေတယ်။ ဒါဟာ အိပ်မက်ဆိုး ဆိုလဲ ငါ နိုးထလာအောင် နင်ပဲ လုပ်နိုင်မှာ။
မေရေ.. မြန်မြန် ထွက်လာခဲ့စမ်းပါဟာ။ ငါလေ နင့်ကို သိပ်ချစ်တဲ့အကြောင်းတွေ တတွတ်တွတ် ပြောချင်လှပြီ။ လွမ်းလဲ လွမ်းလှပြီ။
နောက်... နင်က ငါ့အချစ်ကို ယုံကြည်ပါပြီ လို့ ရှက်ပြုံးလဲ့လဲ့နဲ့ ငါ့ရင်ခွင်ထဲ ခိုဝင်ပြီး ပြောတဲ့ အသံကိုလဲ ကြားချင်လှပြီ။
အဲဒီအခါကျ ပိုးသားလို ပျော့ပျောင်းတဲ့ နင့် အညိုရောင် ဆံနွယ်စတွေကို ငါ တစ်ရှိုက်မက်မက် နမ်းမယ်လေ။ နင် စိတ်မဆိုးရဘူးနော်။
“မေရေ.. နင် ထွက်လာခဲ့ပါဟာ။ ငါ နင့်အိမ်ရှေ့မှာ ထိုင်စောင့်နေရတာ ချမ်းလှပြီဟ”
အမှောင်ထုက တစထက်တစ ပိုအေးစက်ပြီး ငါ့ကို ၀ါးမျိုနေသလိုပဲ။ ငါ့ မြင်ကွင်းမှာ အနီတွေ ပိုရင့်မှိုင်းလာတယ်။
ငါ့ အာရုံတွေက အိပ်မက်ဆန်လာတာလား။ ငါ့စိတ်တွေက နင့်ဆီ တ၀ဲဝဲ လွင့်မျောနေပေမဲ့ နင့်ကို ငါ ဖမ်းဆုပ်လို့ မရဘူး။ အနီတွေက တစ်ဖြည်းဖြည်း ပိုမှောင်လာတယ်။
ငါမြင်ယောင်နေတဲ့ နင့်အပြုံးတွေက ပို စူးရှလာတယ်။
မေ..ရေ..ကောင်မလေးရေ...
ငါခေါ်နေတာ နင်ကြားရဲ့လား............
ငါ့ရင်ထဲမှာ ပဲ့တင်ထပ်နေတဲ့ စကားတစ်ခွန်း နင့်ကို ငါ ကြားစေချင်လှပြီ.........
ငါ....
ငါလေ....
နင့်ကို..........
သိပ်ချစ်တယ်....................
NOTE: ဒီဝတ္ထုတိုလေးက ကျွန်တော် ကြိုးစားပြီး ရေးထားတာပါ။ လိုအပ်ချက်များစွာ ရှိနေခဲ့ရင်လည်း အားပေးသူ မိတ်ဆွေအပေါင်းအတွက်တော့ တစ်စုံတစ်ခုသော ရသကို ပေးနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ကျွန်တော် ဂျီကျပူဆာလွန်းလို့ (ဆောင့်ဆောင့်အောင့်အောင့်နဲ့) ဒီဝတ္ထုတိုလေးအတွက် ကဗျာလှလှလေး ဖွဲ့သီပေးခဲ့သော ကဗျာဆရာမ အမ “အိန္ဒြာ” ကို အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ။
မိုးကုတ်သား
| Reactions: |
Monday, December 26, 2011
ဒီဇင်ဘာ
"ပျင်း တယ် ကွာ.... ကဗျာ တစ်ပုဒ် လောက် ရွတ် ပြ ပါ လားး "
ရေကန် နံ ဘေးက ခုံတန်းလေးမှာ အတူ ထိုင်နေရင်း ဘာ စိတ်ကူးကြောင့် မ က တောင်းဆိုလိုက်လေသလဲ ကျွန်တော် စဉ်းစား မရ။ မရဲ့ သွယ်လျလျ လက်ချောင်းများနဲ့ ပုံဖော်ထားတဲ့ အရောင်စုံ လက်သည်းလေးတွေဆီ ငေးနေမိတဲ့ ကျွန်တော် ဘာကြောင့် ရွတ်ခိုင်းတာလဲ အဓွန့် မတက်ရဲ ။ ဒီတော့ မ အလိုကျ ကဗျာတစ်ပုဒ်ကို ရွတ်ပြမည် ကြံတော့ နှုတ်ဖျားက မရည်ရွယ်ပါပဲ ထွက်ကျလာသည်က ဆရာ တာရာမင်းဝေ ရဲ့ ကဗျာ တစ်ပုဒ် ဖြစ်လို့ နေခဲ့သည်။
ငါ့ရဲ့ ရွှေအိပ်မက်ကို
"ဒါဆို မ အတွက် ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ ကဗျာ တစ်ပုဒ် ခု စပ်ပြီး ရွတ်ပြ ကွာ"
မ က သူမ၏ ပါးချိုင့်ကလေးများ ပေါ်လာသည်ထိ နှစ်လိုစွာ ပြုံးရင်း ပြောလာတော့ ကျွန်တော် ခေါင်းစားရပြီ။
"ဘာ ခေါင်း ကုတ်နေတာလဲ၊ ခု ရွတ်ပြ ဆို...."
"ဟုတ်ဘူးလေ၊ မ အတွက် ကျွန်တော့်ရင်ထဲက စာတွေကို စီနေရသေးတယ်"
ဒီလို ဆိုပြန်တော့ မ က ခလေးလေးတစ်ယောက်လို ငြိမ်သက်စွာ သူ့ ဆီက ထွက်ကျလာမဲ့ ကဗျာကို တိတ်တဆိတ် စောင့်လို့...။
ကျွန်တော့်ဘ၀ တစ်ခုလုံးကို အနိုင်လိုချင်တတ်သော၊ ကျွန်တော့်ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေကို ကပြောင်းကပြန်ဖြစ်အောင် လုပ်နိုင်စွမ်းသော မ အတွက်တော့ ကျွန်တော်သည် မ၏ သက်ရှိ အရုပ်လေး တစ်ရုပ်သာ။ သို့သော် မ ပျော်နေတာ မြင်နေရလျှင် ကျွန်တော် ကျေနပ်ပြီ။
" ဒီဇင်ဘာ "
ကျွန်တော့်ရဲ့ အနာဂါတ်တွေကို
သက်တန့်တစ်စင်းပမာ တောက်ပရွန်းမြလို့....
သူက..
နှင်းတွေကို..တစ်ရောင်ပြီးတစ်ရောင် ဆေးခြယ်နေတော့တယ်။ ။
ကျွန်တော် ကဗျာရွတ်လို့ ပြီးတော့ မက ပျော်ရွှင်စွာ ရယ်မောလိုက်သေးသည်။
"နှင်းဖြူဖြူတွေနဲ့ တလောကလုံး အဖြူရောင်တွေ ဖုံးနေရင် ပျင်းစရာကြီးလေကွာ၊ မ က လောကကြီးကို အရောင်စုံစုံနဲ့ မြင်ချင်တာ"
"မ သဘော အတိုင်းပါပဲဗျာ"
ရွှင်ပျနေသော မ မျက်နှာ ငွေလကို ငေးကြည့်ရင်း ဒီကနေ့ မဆီက အဖြေတောင်းဖို့ စိတ်ကူးလေး ပျက်သွားရပြန်သည်။ မ အချစ်ကို ရဖို့ရာ ကျွန်တော် နောက်နှစ် နောက်နှစ် ဒီဇင်ဘာ ဘယ်နှစ်ခုတိုင် စောင့်ဆိုင်းရမည်လဲ၊ ကျွန်တော် စောင့်နိုင်ပါသည်။
" မ " ပျော်ရွှင်ပါစေ ။ ။
မေတ္တာဖြင့်
Thursday, August 11, 2011
ONS vs LLR
ONS vs LLR
မိုးတိမ်တွေထဲ
အချစ်က အရောင်ပြောင်းခဲ့..။
အပျော်တမ်းတစ်ကြိမ် သူရွာချလိုက်တာ.....
ငါ့မှာ တစ်ဘ၀လုံးစာ စွတ်စိုခဲ့ရ..
ခုတော့ ငါ့ညာလက်ဖ၀ါးဟာ ငါ့ညာလက်ဖမိုးကို
ထိတွေ့နမ်းရှိုက်ခွင့်မရှိသလိုမျိုးပေါ့...
တို့တွေ... အနီးကပ်ဆုံး ဝေးကွာခဲ့ရပြီ..။
ငါ့ရဲ့ အဖိုးတန်ပန်းကလေးရေ..
ငါမြတ်နိုးတဲ့ ပန်းပွင့်ကလေးရေ........
မိုးတိမ်တွေနဲ့ ဆော့ကစားဖို့အတွက်
မင်းကိုယ်မင်း ခြွေချပစ်လိုက်တာ....
ငါ... ရင်နာလွန်းလှချည့်...။
မင်းရင်ထဲက မီးလင်းဖိုလေး ငါ့ကို
ဘာကြောင့် မှုတ်ငြိမ်းပစ်ချင်ခဲ့လေသလဲ....
နောက်ဆုံးတော့ ငါ့မှာ..
အဆိပ်သင့်မီးခိုးတွေ နဲ့
အူဝေအုံဖွဲ့ ကျန်ရစ်ခဲ့ရပေါ့ကွယ်။
မေတ္တာဖြင့်
မိုးကုတ်သား
ဆက်ဆစ်အဖွင့်
ONS = One Night Stand
LLR = Life Long Relationship| Reactions: |
Monday, July 11, 2011
အမှောင်
အရောင်စုံမျက်နှာတွေက လက်ဖြာလို့
“အဲတာ...အလင်းစစ်စစ်တွေမဟုတ်ဘူး
အဆင်းမဲ့အလင်းနဲ့လိပ်ပြာက တီးတိုးသတိပေးချိန်မှာ
အန္ဓဟာ... ဆေးဆိုးပန်းရိုက်ကောင်းတုန်းပေါ
မိုးကုတ်သား
| Reactions: |
Saturday, April 30, 2011
ဧပရယ် အပြာ သို့မဟုတ် ဧပရယ်သစ္စာ
တံခါးတစ်ချပ် ဖြတ်ခနဲအပြီးတိုင်ပိတ်ချိန်မှာ
ပိတောက်ဟာ သူ့အဝါစစ်စစ်အတိုင်း
ပွင့်ခဲ့၊ ပွင့်ဆဲ၊ ပွင့်မြဲ....သာ။
မေတ္တာဖြင့်
မိုးကုတ်သား
| Reactions: |
Monday, March 28, 2011
“အရူး” ပုံပြင်
| Reactions: |
Sunday, February 13, 2011
February 13
"ဖေဖေါ်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား .."
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့မှာ ဗိုလ်ချုပ် ဟောပြောခဲ့တဲ့ မိန့်ခွန်းများကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့နိုင်တဲ့ ဗိုလ်ချုပ်မွေးနေ့မှာ အမှတ်တရ စုစည်း မျှဝေလိုက်ပါတယ်။
ကျနော်တို့မြန်မာပြည်အရေးဟာ
မြန်မာပြည်သူပြည်သားတွေ၊
ခေါင်းဆောင်တဲ့သူတွေ ညီညွတ်စွာနဲ့
လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင်
အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့
ကျနော်ယုံကြည်တယ်။
သြဂုတ်လ ၁၉၄၅
================
လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့
ဂုဏ်ကို
ဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ
ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။
ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့
ခြေဖျားမှာကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ်
မှတ်ထားပါတယ်။
( ၂၀ . ၁၀ . ၁၉၄၆ )
================
ကျားနဲ့ရင်ဆိုင်တွေ့နေရတဲ့အခါမျိုးတွင်
တစ်ဦးကိုတစ်ဦး စိတ်ကောက်ပြီး
ထိုင်နေ၍မဖြစ်သကဲ့သို့
ဗမာ့သေရေးရှင်ရေးကြီးနှင့်
ရင်ဆိုင်တွေ့နေရသည့်အခါတွင်လည်း
မကျေနပ်မှု အသေးအဖွဲ့ကလေးတွေကို ရိုးမယ်ဖွဲ့၍
မနေကြပါနှင့်။
( ၇ . ၃ . ၁၉၄၇ အသံလွှင့်ချက် )
================
ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး
ကိုယ့်တိုင်းပြည်မှာလည်း
တိုင်းသူပြည်သား လူထုအဖွဲ့များ ခေါင်းဆောင်များကို
ဖိနှိပ်၊ အခြားလူမျိုးများကိုလည်း
ငါတို့လောက်မမြတ်ဆိုပြီး
အခြားလူမျိုးတွေ အပေါ် လွှမ်းမိုးဖို့
အမြဲလုပ်ပြီး စစ်ကို အမြဲ
လိုလားနေတဲ့ အဆိုးဝါးဆုံး ဓနရှင်နယ်ချဲ့ဝါဒလို့
ကျုပ်နားလည်တာပဲ။
( ၁၈ . ၁၁ . ၁၉၄၅ )
================
နှလုံးရည်နဲ့တိုက်လို့မရရင် လက်ရုံးရည်နဲ့ တိုက်ရမှာပဲ
( ဧပြီ ၁၉၄၇ နတ်မောက် )
သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာ
တော်လှန်ရေးလို့ ယူဆနေကြတယ်။
ဒါဟာ လုံးဝ မမှန်ဘူး။ တော်လှန်ရေးဟာ
သွေးထွက်သံယိုရှိတဲ့
တော်လှန်ရေး၊ သွေးထွက်သံယိုမရှိတဲ့တော်လှန်ရေး ရယ်လို့
နှစ်မျိုးရှိတယ်။
( ၂၈ . ၃ . ၁၉၄၇ အောင်လံမြို့ )
================
လူတွေကတင်မြှောက်ပြီး
လူတွေရဲ့အကျိုးကို လုပ်တဲ့
လူတွေရဲ့ အစိုးရသာလျှင်
ဒီမိုကရေစီ ဖြစ်နိုင်မယ်။
( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
================
တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊
အဲ့ဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ
လွတ်လပ်ပင်
လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရ
လုပ်လုပ်
ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။
ဒီတော့ကာ
ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။
ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။
အဲ့ဒါ အင်မတန်အရေးကြီးတယ်။
================
ဗမာတွေစိတ်ထက်သလေးဘာလေးနဲ့
တလွဲဆံပင်ကောင်းနေကြတယ်။
ဗမာပြည်လွတ်လပ်ရေးရအောင်
လုပ်ရမယ့်တိုက်ပွဲမျိုးမှာ
အသုံးမချဘူး။
ဗမာပြည်ပြန်လည်ထူထောင်ရေးမှာ
အသုံးမချဘူး။
ဗမာ၊ ဗမာအချင်းချင်း
ချဖို့မှာ လုပ်ချင်တယ်။
ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။
================
တိုင်းသူပြည်သားဆန္ဒအရမဟုတ်ပဲ
တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး
မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင်
အများပြည်သူတို့ ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ
ခေတ်မစားနိုင်ပဲ
ဖက်ဆစ်ဝါဒဆင်တူရိုးမှားတွေ
ပေါ်လာနိုင်တယ်။
ဒီဝါဒမျိုးတွေပေါ်လာရင်
တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကို
မရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီကိုသာ
ခေတ်စားအောင်
လုပ်ရမယ်။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့
ဗမာနိုင်ငံ ထူထောင်နိုင်အောင်
ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့
ဆီလျော်တယ်။
ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။
အဲ့ဒါကြောင့် ဒီဝါဒကိုသာ
ကျနော်တို့ ရည်ရွယ်ရမယ်။
( ၁၉၄၅ သြဂုတ်လ )
================
ဗမာတွေလမ်းနှစ်ခွရောက်နေပြီ။ တွေဝေနေလို့ မဖြစ်တော့ဘူး။
ချီတုံချတုံဖြစ်နေလို့ မဖြစ်တော့ဘူး။
ကိုယ်ယုံကြည်တာကို မလုပ်ရလို့ မဖြစ်တော့ဘူး။
နိုင်ငံရေးလုပ်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း
ရဲနိုင်မှဖြစ်မယ်။
ကျနော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။
ပြတ်ပြတ်သားသားလုပ်တော့မယ်။
ကျနော်တို့တစ်တွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီး
ချီတုံချတုံ
ဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။
( ၅ . ၄ . ၁၉၄၇ အသံလွှင့်ချက် )
================
တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊
ငွေအားပစ္စည်းအားနဲ့ စုပေါင်းပြီး
အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။
ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊
ချင်းတို့ကတစ်ခြား အကွဲကွဲ
အပြားပြား
လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ
အကျိုးရှိနိုင်မယ်။
လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။
( ၁၁ . ၂ . ၁၉၄၇ ပင်လုံ )
================
ဗမာပြည်ရဲ့အကျိုးကို တကယ်လိုလားတယ်ဆိုရင် လူငယ်တွေဟာ
တော်လှန်ရေးစကားတွေ ပြောတာ လျှော့ပြီးတော့ကာ
တော်လှန်ရေးရဲ့
တကယ့်အလုပ်ကို လုပ်ကြစမ်းပါဆိုတာ ပြောခဲ့ချင်တယ်။
( ၁၇ . ၄ . ၁၉၄၇ မြန်မာနှစ်သစ်ကူး၊ အသံလွှင့်ချက်)
================
ကျုပ်တို့ဟာဘယ်လိုလူစားတွေလဲ၊
ရာဇ၀င်မှာ အရေးခံမယ့် လူစားမျိုးတွေလား၊
ရာဇ၀င်မှာ အဆဲခံမယ့်လူစားမျိုးတွေလား
ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိပါလိမ့်မယ်။
ပဒေသာပင် ပေါက်အောင်ဆိုရင် ကျနော်တို့
အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ
ခင်ဗျားတို့ နားလည်စေချင်တယ်။
================
ကျနော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့
ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ် ဖြစ်စေ၊
နိုင်မယ်ထင်တယ် ဖြစ်စေ မလျော့တမ်း
ဇွဲနဲ့ လုပ်သွားရမယ်။ အကောင်းဆုံး၊
အလွယ်ဆုံး၊ အအေးဆုံး ဆိုတဲ့နည်းကို ကျနော်တို့က
ပထမရှေးဦးစွာ ကျနော်တို့ရှာပြီး
လုပ်မှာပဲ။ သို့သော်လည်းပဲ သည်လိုလုပ်လို့
မရဘူးဆိုရင် အေးအေးနဲ့မရရင်
ရနိုင်တဲ့နည်းကို လုပ်ရမှာပဲ။
================
ခင်ဗျားတို့ဟာ လွတ်လပ်ရေးကိုလိုချင်ရင်
လွတ်လပ်ေ၇းကို ရနိုင်လောက်တဲ့
စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင်
လွတ်လပ်ရေးကို ရနိုင်တဲ့
ညီညွတ်မှုကို ထိန်းသိမ်းကြပါ။ လွတ်လပ်ရေးကို
လိုချင်ရင် လွတ်လပ်ရေးကို
ရနိုင်တဲ့
ထူထောင်မှုကို လုပ်ကြပါ။ အဲ့ဒီလို လုပ်ပြီးတဲ့နောက်
ရှေ့ကို လွတ်လပ်ရေး အရသာကို
ခံစား၊ စံစား စေချင်တယ် ဆိုရင် အလုပ်လုပ်ကြဖို့၊
စည်းကမ်းရှိကြဖို့၊ ယခုကတည်းက
ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတေ၊ွ
စောက်ကျင့်တွေကို
ပြင်ကြဖို့လိုပြီဆိုတာ
ကျနော် ကနေ့ ပြောခဲ့ချင်တယ်။
နောက်ဆုံးပြောကြားခဲ့သော
မိန့်ခွန်း )
================
စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော့ခ်ဂါ အလင်းဆက်
Links.....
ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် မိန့်ခွန်းများ..
"ဇူလိုင်၁၉ အမှတ်တရ" ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းများ
မိုးကုတ်သား
| Reactions: |