Monday, October 20, 2008

မေမေသို့ တမ်းချင်း

မေမေသို့ တမ်းချင်း

အောက်တိုဘာ (၂၀)ရက်၊ ဒီနေ့က မေမေ့မွေးနေ့။ မေမေတစ်ယောက် ဒီနေ့ ဘာတွေ လုပ်နေမှာပါလိမ့်။ အငယ်ကောင်တွေနဲ့ ညီမလေးကရော မေမေ ပျော်ရွှင်အောင် ဘယ်လိုများ စီစဉ်ထားလဲ။ သေချာတာကတော့ မေမေတစ်ယောက် ဆွမ်းကပ်ဖို့ အလုပ်တွေ ရှုပ်နေမယ်၊ ဘုရား သွားချင် သွားမယ်၊ ဒါမှမဟုတ် အိမ်မှာပဲ တရားထိုင်ပြီး မေတ္တာ ပို့နေမယ်။ အင်မတန် အေးဆေးတဲ့ မေမေက ထုံးစံအတိုင်း ပုံမှန်နေ့တွေလို သူမရဲ့ မွေးနေ့ကို ဖြတ်သန်း သွားမှာပါပဲ။


ရှဥ့်ကလေး မေမေ ငယ်စဉ်က ပုံရိပ်


၂၀၀၈ခုနှစ် ဖေဖော်ရီက မေမေ့ ပုံရိပ်
(ကျွန်တော် ချစ်တဲ့ မေ့ရဲ့ ရှေ့သွားလေး နှစ်ချောင်းလုံး မရှိတော့ဘူး၊ သွားတု စိုက်ထားတဲ့ မေကတော့ အရင်လို ရယ်ရတာ ကို ရှက်နေဆဲ။ မေအဲ့ဒီလို ပြုံးရယ်နေတာ အင်မတန် ချစ်ဖို့ ကောင်းတယ်။)

မိုးကုတ်မြို့ အနောက်ပိုင်း၊ ကျပ်ပြင်ဈေးသူ မေမေ့ နာမည်က ဒေါ်မြင့်မြင့်စန်း။ ဖေဖေကတော့ ချစ်စနိုးနဲ့ ရှဉ့်ကလေး လို့ခေါ်တယ်။ (ဟီး၊ ဖေနဲ့မေရဲ့ ရီးစားစာတွေ ခိုးဖတ်ထားတာ ပေါ်ပြီ) မေမေ့ ရှေ့သွားလေး နှစ်ချောင်းက ရှေ့ထွက်နေလို့ ဖေက အဲ့ဒီလို ခေါ်ခဲ့တာနေမှာ။ ဟုတ်တယ်ဗျ၊ မေက အဲ့ဒီသွားလေး နှစ်ချောင်းကြောင့် ပိုချစ်စရာ ကောင်းသွားတာ။
အေးဆေးပြီး အပိုစကား သိပ် မပြောတတ်တဲ့ မေက အင်မတန် ရှက်တတ်သလို လျှို့ဝှက် သိပ်သည်းတယ်။ ဒေါသကြီးသလို ပြတ်သားတယ်။ ဖြောင့်မတ်သလို စနစ်ဇယားလဲ အင်မတန် ကြီးတယ်။ ကျွန်တော်တို့ကို ချစ်တယ် လို့ တစ်ခါမှ မေမေ မပြောခဲ့ဘူးပါ။ သားတို့ကို ချစ်လား မေးမိရင်လဲ အင်း လို့ပဲ ခပ်ပြတ်ပြတ် ပြန်ဖြေ တတ်ပါတယ်။ လောကကြီးမှာ စကားလုံးတွေ မလိုတဲ့ ချစ်ခြင်း မေတ္တာတရား ကို မြင်တတ်၊ ခံစားတတ်အောင် မေမေက လက်တွေ့ ပြခဲ့ပါတယ်။
ငယ်ငယ် တုန်းကတော့ မေမေ့ အချစ်တွေကို မမြင်တတ် ခဲ့ဘူး။ ဖေ့ကို ချွဲသလိုများ မေ့ဆီ သွား ချွဲလို့ကတော့ ဘာမှ မပူဆာ ရသေးခင် ငယ်ထိပ် ဘုထွက်အောင် ဒေါင်ကနဲ ခေါက်ထည့် လိုက်ပြီသာမှတ်။ စာမရရင်၊ အတန်းထဲ အဆင့် တစ်၊ နှစ်၊ သုံး မ၀င်ရင်၊ အိမ်အလုပ်ကို ပြီးအောင် မလုပ်ဘဲ အဆော့မက်နေရင်၊ အမှား တစ်ခုခု လုပ်မိရင် အမေ့ လက်သံ ပြောင်ပြောင်ကို ကျောကော့နေအောင် ခံရမြဲ။ ဘေးလူ ၀င်ဆွဲ လို့ကတော့ ဆွဲတဲ့သူပါ နာပြီမှတ်။ အပြင်မှာများ ရန်ဖြစ်ခဲ့လို့ကတော့ ကိုယ့်ဘက်က မှန်နေလဲ မရ၊ တီးတာဘဲ။ စာတွေ မရမချင်း ပေးမအိပ်ဘဲ တုတ်တစ်ချောင်းနဲ့ ထိုင်စောင့်ကာ စာအမြဲ စစ်သည်။ စာပြန်ခိုင်းလို့ နဲနဲ ထစ်ငေါ့ ထစ်ငေါ့ မဖြစ်နဲ့၊ နပန်မွှေး ပြတ်မတတ် လိမ်ဆွဲခံရသည်။ စာကျက်ရင်း အိပ်ငိုက်လို့ကတော့ လက်ဖမိုးကို သစ်သား ပေတံဇောင်းနဲ့ ခေါက် ခံရမည်။ ဒါမှ ဆက်ငိုက် နေလျှင်တော့ မျက်လုံးကို ဖြဲပြီး သံပုရာသီးရည် ညှစ်ထည့် ခံရ လိမ့်မည်။
မှတ်မိ ပါသေးတယ်။ ကျွန်တော် ခြောက်တန်း တုန်းကပေါ့။ တစ်ခါ ကျောင်းကနေ ရန်ဖြစ်ပြီး ပြန်လာတော့ အိမ် ပေါက်ဝမှာ တုတ်တစ်ချောင်းနဲ့ ခါးထောက်ပြီး စောင့်နေတဲ့ မေ့ကို မြင်တာနဲ့ အခြေအနေ သိပ် မဟန်မှန်း သိလိုက်ပြီ။ ဒေါသမီး ၀င်းဝင်းတောက် နေတဲ့ မေမေ့ မျက်လုံးတွေက ရှင်းပြလို့ နားဝင်တော့မှာ မဟုတ်။ ကြောက်ပေမဲ့ ကိုယ့်ဘက်က မှားတာ မဟုတ်တော့ ခပ်တည်တည်ပဲ အိမ်ထဲဝင်မယ် လုပ်တော့ မေက ကျွန်တော့် အင်္ကျီ ဂုတ်ကိုဆွဲပြီး အိမ်ထဲ ခေါ်သွားတယ်။ ကျွန်တော်နဲ့ ရန်ဖြစ်လာတဲ့ ကောင်လေးနဲ့ သူ့အမေက အိမ်မှာ လာစောင့်နေတာကိုး။ အဲ့ဒီ သားအမိကို တောင်းပန်ခိုင်းတော့ ကျွန်တော်က မတောင်းပန်ဘူး။ ကျွန်တော့်ဆီက ခိုးထားတဲ့ ကျောင်း စာအုပ်ကို ပြန်တောင်းတာ မပေးလို့ ဆွဲထိုးလိုက်တာ၊ မတောင်းပန်နိုင်ဘုး ပြောလို့ ဆော်ပလော် တီးပါလေရော။ ကျွန်တော်က အတီးမခံဘဲ အဲ့ဒီ အန်တီကို ခင်ဗျားသား သူခိုးကို သေချာ ဆုံးမထား၊ မဟုတ်ဘဲ ကျုပ် အရိုက် ခံရရင် ခင်ဗျားသား အသေဘဲ လို့ပြောတော့ ပိုဆိုးရော။ ကျွန်တော့်ကို လှိမ့် လှိမ့်ပြီး ရိုက်နေတဲ့ မေ့ကို ဘယ်သူမှ ၀င်ဆွဲလို့ မရတော့ဘူး။ မတရား ဗျင်းခံရတဲ့ ကျွန်တော်က မေမေ့ကိုပါ ဒေါသတွေ ထွက်ပြီး မုန်းသွားတယ်။
ကိုယ့်သားဘက်က မှန်နေတာကို မှန်တဲ့ဘက်က မရပ်ဘူး၊ သားသမီးကို နှိက်စက်ဖို့ သက်သက် မွေးထားတာ မလား။ ရိုက် ရိုက် သေအောင်ရိုက်၊ အမေစိတ်မရှိတဲ့ ဘီလူးမကြီး
စိတ်ရှိရှိနဲ့ နာနာကျည်းကျည်း ကျွန်တော် အဲ့ဒီလို အော်တော့ ရိုက်လက်စ မေမေ့လက်တွေ လေထဲမှာ ရပ် သွားတယ်။ တော်တော်လေး နာကျင်သွားပုံဘဲ။ ဆက်လဲ မရိုက်တော့ဘူး။
ဖေ ပြန်လာတော့ အရှိုးရာ အထပ် ထပ်နဲ့ ကျွန်တော့်ကို ဆေးလူး ပေးရတယ်။ မေနဲ့လဲ ရန်တွေ ဖြစ်ကြတယ်။ အဲ့ဒီနေ့က ကျွန်တော် ညစာ မစားဘူး။ ဖေက ချော့ပြီး ကျွေးပေမဲ့ မစားဘူး။ စာလဲ မလုပ်ဘဲ အစောကြီး ဝင်အိပ်ပစ်တယ်။ မေက လာ မချော့သလို အရေးလဲ မစိုက်ဘူး။ စာမကျက်ဘဲ ဝင်အိပ်နေတာ ကိုလဲ ဘာမှ လာ မပြောဘူး။ ညကျ အားလုံး အိပ်ပျော် သွားရင် အိမ်ကနေ ထွက်ပြေးဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။
ညတော်တော် မိုးချုပ်လာတဲ့ထိ ကျွန်တော် ဘယ်ထွက် ပြေးရမလဲ စဉ်းစားလို့ မရသေးဘူး။ အိပ်ခန်းထဲ ဝင်လာတဲ့ ခြေသံ သဲ့သဲ့ကို ကြားလို့ အိပ်ချင်ယောင် ဆောင် နေလိုက်တယ်။ ကျွန်တော့် နဖူးကို ခပ်ဖွဖွ လာနမ်းတယ်။ ဖေဖေလား စိတ်ထဲ ထင်မိပေမဲ့ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ အဲ့ဒီ အနမ်းမှာ မျက်ရည်စ တစ်ချို့ကို ရလို့ပါ။ မေမေလား။ မေမေ ကျွန်တော့်ကို တစ်ခါမှ မနမ်း ဘူးပါဘူး။ မယုံမရဲနဲ့ ခိုးကြည့်မိတော့ မေမေမှ မေမေပါပဲ။ အို၊ မေမေ ငိုနေပါလား။ ခပ်မှိန်မှိန် ထွန်းထားတဲ့ ရေနံဆီ မီးအိမ်ရဲ့ အလင်း ဖျော့ဖျော့ အောက်မှာ ဝိုးတစ်ဝါး မြင်ရတဲ့ မေမေ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့။ အသံ မထွက်အောင် ကြိတ်ပြီး ငိုနေတဲ့ မေမေ့ တစ်ကိုယ်လုံး တုန်ရီလို့ နေတယ်။ မေမေငိုတာ တစ်ခါမှ ကျွန်တော် မမြင်ဘူးပါဘူး။ ဖေဖေကတောင် အသဲမာလွန်းတဲ့ မိန်းမ လို့ သတ်မှတ် ထားတာသာ ကြည့်။ မေမေ့ရဲ့ မျက်နှာမှာ ကြင်နာ သနားမှုတွေနဲ့ အပြည့်။ ကျွန်တော့် နာကျည်းမှုတွေ အားလုံး အရည်ပျော် ဆင်းသွားတယ်။
တော်ပြီ။ နောက်ဆို မေမေ ငိုအောင် ဘယ်တော့မှ မလုပ်တော့ဘူး။ မေမေ့စကားနားထောင်ပြီး လိမ်လိမ်မာမာ နေတော့မယ်။ ရန်လဲ ဘယ်တော့မှ မဖြစ်တော့ဘူး။ မေမေ ဖြစ်စေချင်တဲ့ ပညာတတ်ကြီး ဖြစ်အောင်ကြိုးစားပါ့မယ်။ အဲ့ဒီလို မေမေ့ကို စိတ်ထဲကနေ ကျွန်တော် ကတိ ပေးလိုက်တယ်။
နောက်ပိုင်းမှာတော့ မေမေ့နား ဘယ်တုန်းကမှ မကပ်ခဲ့တဲ့ ကျွန်တော် မေမေ့ကို ပိုပြီး ဂရုစိုက်ခဲ့ ကူခဲ့တယ်။ မေမေက အချိုးပြောင်းပြီး သိပ်မဆိုးတော့တဲ့ ကျွန်တော့်ကို အံ့ဩသလို ရှိပေမဲ့ ထုံးစံအတိုင်း ဘာမှ မမေးဘူး။ နောက်တစ်ခုက အဲ့ဒီတုန်းကရင်း ဘယ်သူ့ကိုမှ မေမေ သိပ်ပြီး မရိုက်တော့တာပဲ။ မေနဲ့ အနီးကပ်နေလေ၊ ဘယ်လောက်ထိ သားသမီးတွေအပေါ် စွန့်လွှတ် အနစ်နာခံပြီး ချစ်လဲ ပိုသိလေပဲ။ သားသမီးတွေ ပူဆာသမျှ အလို မလိုက်ပေမဲ့ တစ်ကယ်လိုအပ် ရင်တော့ ကျွန်တော်တို့ မျက်နှာ မငယ်စေ ရအောင် ဆင်ပေးတတ်တဲ့ မေက သူ့အတွက် အဝတ်အစား တစ်စုံ ဝယ်ဖို့ထက် ဆန်အိုးထဲ ဆန်အပြည့် ရှိဖို့ ပိုဦးစား ပေးခဲ့ပါတယ်။
အလှူ မင်္ဂလာဆောင် သွားရင် အရောင် မှိန်တဲ့ မေမေ့ကို တစ်ချို့က အထင် သေးချင်သည်။ မမြင့်စန်းရယ် တစ်ခါလာလဲ ဒီဝတ်စုံပဲ၊ နောက်တစ်ပွဲလဲ ဒီဝတ်စုံပဲ။ နဲနဲပါးပါးတော့ ဝယ်ဝတ်ပါဦး။ မေ့ မိတ်ဆွေ တစ်ချို့က အဲ့ဒီလို ပြောလာရင်လဲ အဲ့ဒါ အပို ကုန်တွေပါ လို့ ပြုံးပြုံးဘဲ ပြန်ပြောတတ်တယ်။
ထမင်းစားတဲ့ အခါတိုင်း ဖေနဲ့ သားသမီးတွေ အတွက် အကောင်းဆုံးတွေ ရွေးပေးပြီး မေကတော့ ဘယ်သူမှ သိပ်မကြိုက်တဲ့ အစား ကိုဘဲ စားလေ့ ရှိတယ်။ အမြဲတမ်းလဲ တစ်ကုပ်ကုပ် အလုပ် လုပ်နေတာချည်းပဲ။
အနောက်ပိုင်းထိ သွားပြီး ရုံးတက်ရတဲ့ မေက အစောကြီး ထရကာ မနက်ညစာ ချက်ပြုတ်ရတာ၊ ကျွန်တော်တို့ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထား ပေးခဲ့ရတာ၊ ရုံးကနေ ပြန်လာရင်လဲ ကျောင်းနဲ့ ကျူရှင်က ပြန်လာကြမဲ့ ကျွန်တော်တို့ အတွက် စားဖို့ အဆင်သင့် ပြင်ပေးထားရတာ၊ ညတိုင်ကျရင်လဲ ရုံးက စားရင်းဇယားတွေ စစ်ရင်း တစ်ဖက်က ကျွန်တော်တို့ကို စာစစ်ရတာ၊ စနေ တနင်္ဂနွေ ရုံးနားရက် ဆို တစ်ပါတ်စာ အဝတ်တွေကို လျှော်ဖွတ် မီးပူတိုက်ရ၊ အိမ် သန့်ရှင်းရနဲ့ အမြဲ အလုပ်ရှုပ် နေခဲ့ပေမဲ့ မောလိုက်တာ လို့ မေမေ တစ်ခါမှ မညည်းညူခဲ့။ မောတဲ့ပုံလဲ ဘယ်တော့မှ မတွေ့ရ။ ကျွန်တော်တို့ ကမှ မေမေ့ကို နဲနဲပါးပါး ကူရပြီဆို ကြောက်လို့သာ ကူရတယ်။ လည်ချိန် ဆော့ချိန် လျော့လို့ သိပ်ပြီး မကျေနပ်ချင်။
ဘယ်မိဘက ကိုယ့် သားသမီးတွေ အမုန်းကို ခံချင်ပါ့မလဲဗျာ၊ နော။ မေကတော့ ကျွန်တော်တို့ အမုန်းကို သားသမီး ဘဝ ကောင်းစားရေးနဲ့ ကျေကျေနပ်နပ်ကြီး လဲယူခဲ့ ပါတယ်။ မေ့ကို ပိုပြီး နားလည်လာလေ ပိုပြီး ချစ်လေဘဲ။
တစ်ရက်ပေါ့ဗျာ။ ကျွန်တော် ကျောင်းသွားဖို့ အိမ်သော့ ခတ်နေတုန်း ဗြုန်းဆို ဗိုက်နာတယ် နာတယ် နဲ့ အလတ်ကောင် က အော်ရော။ အဲ့ဒီတုန်းက သူနဲ့ ကျွန်တော်က အလယ်တန်း ဆိုတော့ မူလတန်းတက်နေတဲ့ အငယ်တွေနဲ့ ကျောင်း မတူတော့ဘူး။ ခလေးတွေလဲ ကျောင်းသွားပြီ။ ဖေကလဲ တွင်း သွားပြီ။ မေလဲ ရုံး သွားခဲ့ပြီ။ ကျောင်းချိန် ကလဲ နီးနေပြီ။ အစားမက်တဲ့ ဒီကောင် ဘာခိုးစားပြန်ပြီလဲ မသင်္ကာလို့ စစ်တော့ သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ အထုပ် ဖြူလေး တစ်ထုပ်။ အစကတော့ နို့မှုန့်ထုပ် အောက်မေ့တာ။ (အဲ့ဒီတုန်းက နို့မှုန့်ကို ဆယ်ပြားတန် အထုပ်သေးလေးတွေ ထုပ်ပြီး ရောင်းတဲ့ ခောတ်ပေါ့။) ဘယ်က ကောက်ရပြီး စားမှန်းမသိဘူး။ အခုလေးပဲ ကျောင်းမသွားခင် ထမင်းစားပြီးတယ်၊ ငတ်ရကောင်းလား ဆို လက်ထဲရှိတဲ့ သော့နဲ့ ဒေါင်ကနဲ နေအောင် ခေါက်ထည့် လိုက်တာ ထိပ်ကြီး ဖု သွားရော။ တီးပြီးမှ ကျွန်တော်လဲ စိတ် မကောင်းဘူး။ ဒေါသကြီးပြီး သူ့ အသားနာရင် မရတဲ့ ဒီကောင်က တော်တော်ကို နာသွားတော့ ကျွန်တော့်ကို စိမ်းစိမ်းကြီး ကြည့်ရင်း ပါးစပ်က အမြှုပ်တွေ ထွက်လာတော့မှ ခြေမကိုင်မိ၊ လက်မကိုင်မိ ဘာလုပ်ရမှန်း မသိတော့ဘူး။ အော်ဟစ်ပြီး အကူအညီ တောင်းတော့မှ အိမ်နီးချင်းတွေက ဆေးရုံ လိုက်ပို့ ပေးကြတယ်။ ဒီကောင် ငတ်ကြီးကျပြီး ကောက်စား ထားတာ နို့မှုန့်ထုပ် မဟုတ်ဘဲ တွင်းသားတွေ ပြုတ်ကျ ကျန်ရစ်ခဲ့တဲ့ ယမ်းမှုန့်ထုပ်ကြီး ဖြစ်နေတာကိုး။ ကံကောင်းလို့ မသေတယ်။ ဆေးရုံမှာ ပိုက်တန်းလန်းနဲ့ အလတ်ကောင်ကို ကြည့်ပြီး ငတ်ရလား၊ ငတ်ရလားဆို နာရင်းချည်း ပိတ်တီး ပြစ်ချင်တော့တာပဲ။ ချစ်တာရော၊ စိုးရိမ်တာရော၊ စိတ်တိုင်းမကျတာရော၊ စုပြုံပြီး ဖြစ်လာတဲ့ ဒီ စိတ် ခံစားမှုကို ကြုံရမှ မေမေ့ရဲ့ ဂရုဏာ ဒေါသကို နားလည် ပါတော့တယ်။
မေမေ ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးချင်စိတ်နဲ့ အင်မတန် ဆိုးသွမ်းချင်တဲ့ ကျွန်တော် မဆိုး ဖြစ်တော့ပါဘူး။ မေမေ စိတ်ချမ်းသာဖို့ ကိုပဲ ဦးစားပေးဖြစ်ခဲ့တယ်။ ကျွန်တော် ပြောခဲ့ သလိုပဲပေါ့။ လောကကြီးမှာ စကားလုံးတွေ မလိုတဲ့ ချစ်ခြင်း မေတ္တာတရား ကို မြင်တတ်၊ ခံစားတတ်အောင် မေမေက လက်တွေ့ ပြခဲ့ပါတယ်။
မေမေ ချစ်တဲ့ သားကြီး၊ အဝေးဆီ ရောက်နေပြီ....။ ထူးအိမ်သင်ရဲ့ အဲ့ဒီ သီချင်းသံကို လွမ်းလွမ်း ဆွေးဆွေး ကြားရတိုင်း ကျွန်တော် မျက်ရည် ဝဲရမြဲ။ မေ့ကို သတိရတိုင်း မေမေ ဖြစ်စေလိုသော ထူးချွန် အောင်မြင်တဲ့ ဘဝတစ်ခု ရဖို့ ဇွဲစိတ်မာန် တို့ ပိုရမြဲ။ နှိမ်ချ ဖိနှိပ်မှုတွေ ကြုံရတိုင်း အပြုံးမပျက် စတမ်း ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်နိုင်ဖို့ ခွန်အားတွေ မေ့ဆီက ရမြဲ။
မပြည့်စုံသေးသော်လည်း ငြိမ်းချမ်းတဲ့ ခိုကိုးရာ အဖြစ် မေမေ့ ဘဝအတွက် ကျွန်တော် ရှိချင်သည်။ သားသမီး တွေကို အောင်မြင်စေချင်သော မေမေ့အတွက် ထိပ်ဆုံး မရောက်တောင် တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားချင်သည်။ မေမေ့ဘဝကို ငြိမ်းချမ်းမှုတွေနဲ့ ပြန်လည် ဖြည့်ဆည်းပေးနိုင် ဖို့အတွက် အချိန်တန် လျှင်တော့ မေမေ့ရင်ခွင်ရှိရာ အရောက် ကျွန်တော် ပြန်နိုင် ပါလိမ့်မည်။
၂၀၀၈၊အောက်တိုဘာ နုစ်ဆယ်ရက်မှာ အသက် (၅၉)နှစ်ပြည့်မဲ့ မေမေ့ကို လွမ်းဆွတ်နေတဲ့ သားတစ်ယောက်ရဲ့ တမ်းချင်းပါ။ မေမေတစ်ယောက် ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ။ ဘဝရဲ့ အစစ်အမှန်တရားကို လက်မလွတ်တမ်း ကျင့်သုံးရင်း ဓမ္မရိပ်မှာ ငြိမ်းချမ်းအေးမြနိုင်ပါစေ။








7 comments:

နိုင်းနိုင်းစနေ said...

“အမေ” စာလုံးနှစ်လုံးတည်းနဲ့ ပြည့်စုံခဲ့ပါပြီ

အမေ့မွေးနေ့မှာ နေကောင်းကျန်းမာပါစေလို့...

Mogok Thar said...

Thanks for visiting, Ma Nine Nine Sanay

Anonymous said...

:)

N

thioo said...

I was crying when i read this. I also miss my mom very much......... Still you can hear ur mom's voice when u call to ur home. But for me.......

Lucifer said...
This comment has been removed by the author.
mohmoh said...

when i was reading this post, i was crying,,,, i can't read to the end of the story....... i miss so much my mom....

ဇွန်မိုးစက် said...

ဟိုးတစ်ခါတုန်းက ကိုဘို့ဖေဖေမွေးနေ့မှာ အဖေ့အကြောင်း ရေးထားတာ မှတ်မိတယ်။ ဇွန်လည်း အမေ့မွေးနေ့အတွက် အမှတ်တရ ရေးချင်စိတ် ရှိခဲ့ပေမယ့် ရင့်နဲ့မဆံ့အောင် ပြောစရာစကားလုံးတွေ သိပ်များနေတော့ ဘယ်ကစရေးရမှန်း မသိဘူး ဖြစ်ခဲ့တာ။ မိခင်မေတ္တာကို လှိုက်လှိုက်လှဲလှဲ ခံစားမိစေတဲ့ စာတစ်ပုဒ်ပါ အစ်ကိုရေ။ အန်တီတစ်ယောက် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေလို့ ဇွန် ဆုတောင်းပေးလိုက်ပါတယ်။

သမီးကြီးဇွန်လည်း အမေ့ရင်ခွင်အရောက် ပြန်နိုင်ဖို့ ဆုံးဖြတ်ထားတယ်။း)