Monday, January 2, 2012

“သူမ မိုးလေ၀သထဲက ကျွန်တော့်အိမ်ရာ”



“သူမ မိုးလေ၀သထဲက ကျွန်တော့်အိမ်ရာ”





သူ့အပြုံးအစွန်းထွက်ကလေးမှာတောင်
ကျွန်တော့်အပြုံးတွေ နေကြတ်သွားခဲ့ရ


ကောင်းကင်ကြီးက ညဦးယံမှာပင် မှောင်မဲ တိတ်ဆိတ်လွန်းလှသည်ထင့်။ လခြမ်းကွေးကွေးလေးပင် ချိတ်ဆွဲထားခြင်းမရှိပါ။ လမ်းဘေးတစ်ဘက်တစ်ချက်ဆီမှ နီယွန်မီးတို့ကလည်း ပိုးစုန်းကြူးလောက်ပင် မှိန်မှိန်လေးမှ လင်းမနေ၊ ပကတိ အမှောင်တိုက်ထဲမှာ။ ကြယ်ရောင်တွေကြားက ၀ိုးတ၀ါး လင်းနေသော လမ်းမကြီးကို မမှိတ်မသုံ အာရုံစိုက်ကာ ကြည့်ရင်း စက်ဘီးကို နင်းလာရာက အတွေးစတွေက ပျံ့ကျဲ ကျချင်နေသေးသည်။
ငါ လှည့်ပြန်သွားရ ကောင်းမလား။ နှင်းမှုန်တွေ ဖွဲဖွဲ အောက်မှာ ခိုက်တုန်ချင်နေသော ကိုယ်ခန္ဒာထက် ရင်ဘတ်ထဲက နှလုံးသား တစ်စုံက တုန်ယင်နေတာ စူးစူးရှရှ နာနာကျင်ကျင်။
မင်း ဘာကြောင့် ဒီလောက် နေနိုင်ရပြီး ငါက ဘာကြောင့် မနေနိုင်ရတာလဲ။
စိတ်ထဲမှာ အရှုံး မပေးချင်သည့် အတ္တတို့က ခေါင်းထောင်ထလာတော့ ဗြုန်း ဆို စက်ဘီးလက်ကိုင်ကို ပြန်လှည့်ပစ်ချင်စိတ်တွေက တဖွားဖွား။
သို့သော် နာကျင်နှလုံးသားက စက်ဘီးကို ရှေ့ဆက် နင်းဖို့ရာသာ ဆွဲခေါ်လို့နေသည်။

***************************************

သူ့ရယ်သံက
ကျွန်တော့်ကြယ်စင်ရွှန်းမြ အဆိပ်လှိုင်း
ကျွန်တော့်နှလုံးသွေးစီးရာအတိုင်း
ရင့်ရင့်ရိုင်းရိုင်း..ရူးနှမ်း လှပလို့..

ဒီအလောင်းအစားကို ဘာကြောင့် ကျွန်တော်က စခဲ့မိတာပါလိမ့်။ စိန်ခေါ်မှုတစ်ရပ်ကို နှလုံးသားနှင့် အလဲအထပ်လုပ်ကာ အလောင်းအစား လုပ်ခဲ့မိမှန်း ထိုစဉ်ကတည်းက ကျွန်တော် သိသင့်ခဲ့ပါသည်။
သူမ ဒီလောက်ထိ သူ့အပေါ် မမာကျောနိုင်ခဲ့ဘူးလို့ ထင်ထားခဲ့မိတာ ကျွန်တော့်အမှား။ ခုတော့ သူမက ကျွန်တော့်ရှေ့မှောက် ရောက်လာရမဲ့အစား ကျွန်တော်က... ။ ခါးသီးမှုတို့က လည်ချောင်းဝထိ ပူပြင်းစွာ လှိုက်တက်လာခဲ့သည်။

***************************************

သူ့ ပူပင်သောကမှန်သမျှ
ကိုယ်ပြည့်စိတ်ပြည့် သယ်ပိုးထားမိတော့
သူသက်ပြင်းချလိုက်တိုင်း
ကျွန်တော့်လွင်ပြင်မှာ မုန်တိုင်းတွေဆင်ဖွဲ့

နှင်းတွေက ပိုလို့ တဖွဲဖွဲ ကျလာခဲ့ပြီ။ မြူတွေဆိုင်းနေပုံက ရှေ့တစ်ခေါ်စာမျှပင် ကောင်းကောင်း မမြင်ရချင်တော့။ သူမ၏ အိမ်ကလေး ရှိရာ ရပ်ကွက်လေးထဲ စက်ဘီးကို ချိုးကွေ့ ၀င်မသွားသေးပဲ လမ်းထိပ်မှာ ကျွန်တော် တွေဝေနေမိပြန်သည်။ ကျောရိုးတစ်လျှောက် စိမ့်ကနဲ နေအောင် တစ်ချက်တစ်ချက် တိုက်ခတ်လာသည့် လေတွေက အရင်လို နုအေးမနေပဲ ရက်ရက်စက်စက် အေးခဲနေလေသလား။ အဲဒီလို လေအေးအေးတွေ ကြမ်းကြမ်းတိုက်လာတိုင်း ကျွန်တော့်နှလုံးသားက အေးစက် ထုံထိုင်းသွားရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။ ဒါဆို အေးခဲသွားတဲ့ နှလုံးသားမှာ သူမအတွက် ဘာ ခံစားချက်တွေမှ ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး။
“စီးကရက် တစ်လိပ်လောက် သောက်လိုက်ရရင်ဖြင့် နွေးသွားမယ် ထင်တယ်”
တိုးဖွဖွ စကားသံတစ်ခုကို ကြားမိပြန်တော့ ထိုအသံတွေ နားထဲ ထပ်ဝင်မလာအောင် ခေါင်းကို အလန့်တကြား ခါယမ်း ပုတ်ထုတ်မိတော့သည်။
သွားစမ်းပါ၊ သွားစမ်းပါ။ စေတနာစကားတွေကို တစ်ခုမှ အရေးမစိုက်တဲ့ မိန်းမတစ်ယောက်ကို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီး မင်း အခု လှည့်ပြန်သွားလိုက်။
ဦးဏှောက်ထဲက စကားသံတွေကို မသိကျိုးကျွံပြုသလို နှလုံးသားက သူမ၏ အရိပ်တစ်ချို့ကို မွတ်သိပ်နေပြန်တော့ သူမနေထိုင်ရာ ရပ်ကွက်လေးဆီ ဦးတည်နေသော လမ်းမတစ်လျှောက် စက်ဘီးကို ဆက်နင်း လာခဲ့မိပြန်သည်။

***************************************

သူ့မျက်ရည်ကြည်လဲ့ဟာ..
ကျွန်တော့် စိုးရိမ်ရေမှတ်ဒီရေဖြစ်ခဲ့တယ်..။

“ယောက်ျားလေးတွေကို အသည်းခွဲတမ်း ကစားနေတဲ့ မင်းလုပ်ရပ်တွေကို မရပ်နိုင်မချင်း မင်းနဲ့ ငါနဲ့ ပြန်မဆုံကြေး။ မင်းကိုလဲ ငါလာမတွေ့ဘူး။ ငါ့ကိုလဲ မင်း လာမတွေ့နဲ့။ နောက်တစ်ခုက မင်း စီးကရက်တွေ သောက်နေတာကို ရပ်တန်းက ရပ်။ စီးကရက်တွေ မဖြတ်နိုင်ရင် ငါ့ကို မင်းဖြတ်”

ဒီစကားတွေက လူကြားလျှင် သိပ် ရယ်စရာ ကောင်းနေပါလိမ့်မည်။ မိန်းခလေးတွေ အများစုက သူတို့ ချစ်သူ ကောင်လေးတွေကို ပြောနေရသော စကားတွေကို ကျွန်တော်က သူမ အား ပြောနေခဲ့ရတဲ့ ဘ၀။ ထိုစဉ်က တွေကနဲ ဖြစ်သွားသော သူမသည် ကျွန်တော် အင်မတန်မုန်းလေသော လှောင်ရယ်သံတို့ဖြင့် ညှင်းညှင်းသဲ့သဲ့ ရယ်ရင်း ကျွန်တော့်ကို စိုက်ကြည့်လို့။
ထိုရယ်သံတွေထဲမှာ “မင်း ကိုယ့်ကို မဖြတ်နိုင်ပါဘူး” ဆိုသော သေချာမှုတွေ ပါသည်။ ထိုအကြည့်တွေထဲမှာ “ဘယ်သူ ဒူးထောက်ရမလဲ၊ စောင့်ကြည့်တာပေါ့” ဆိုတဲ့ စိန်ခေါ်မှုတွေ ပါသည်။ ထိုရယ်သံ၊ ထိုအကြည့်တွေကြောင့်ပဲ ကျွန်တော့် မာနတွေက တစ်လတိတိ သူမကို မတွေ့ပဲ နေနိုင်ခဲ့ခြင်း ဖြစ်ဟန် တူပါသည်။ သို့သော် ရင်ထဲမှာ တမြေ့မြေ့နှင့် တငွေ့ငွေ့ လောင်မြိုက်နေသော လွမ်းဆွတ်သတိရမှု တို့က ကျွန်တော့်မာနတွေကို တိုက်စားလေတိုင်း သူမ၏ လှောင်ရယ်သံ ညှင်းသဲ့သဲ့တို့ကို ပြန်ကြားနေရသည်ကတော့ အင်မတန်မှ ခါးသီးလှပါသည်။

***************************************

သူ့မျက်စောင်းတစ်ဝင့်ဟာ..
ကျွန်တော့ကို ထစ်ထစ်ပြနေတဲ့မိုးကြိုး
သူ့မျက်ဝန်းတစ်ညိုဟာ..
ကျွန်တော့်ဆီပြိုကျလာတဲ့ တိမ်မည်းတိမ်ညိုလို

လမ်းသွယ်လေးအတိုင်း စက်ဘီးကို တဖြည်းဖြည်း နင်းသွားနေရသည်က ကျွန်တော့်အတွက်တော့ မာယာထောင်ချောက်ထဲ တိုးဝင်နေရသည်နှင့် တူသည်။ မာယာထောင်ချောက်.. မဟုတ်သေးပါဘူး။ သူမက ကျွန်တော့်အပေါ် ဘာ မာယာမှ သုံးခဲ့တာမှ မဟုတ်တာ။ သူမက ကျွန်တော့်အပေါ် သိပ်ကို ပွင့်လင်းသော ငယ်သူငယ်ချင်းတစ်ယောက် ဖြစ်သလို လောကကြီးကို အရွဲ့တိုက်ဖို့ ကြိုးစားနေတဲ့ ခပ်ဆိုးဆိုး ချစ်သူ ကောင်မလေး တစ်ယောက်လဲ ဖြစ်သည်။ သူမ၏ နှလုံးသားတွေက ခုလို တစ်ဆုပ်တခဲ ကျနေသည့် နှင်းထုတွေထက် ပိုပြီး အေးစက်နေနိုင်မယ် မထင်ပါဘူး။ မင်းကိုယ့်ကို တွေ့တဲ့အခါ ကျေးဇူးပြုပြီး မလှောင်လိုက်ပါနဲ့။ မင်းရဲ့လှောင်ရယ်သံတစ်ချက်အောက်မှာ ငါ့နှလုံးသားက အေးခဲကွဲကြေသွားနိုင်တယ် ကောင်မလေးရဲ့။ အတွေးစတွေနဲ့ စက်ဘီးကို နင်းလာရင်း သူမ၏ အိမ်ရှိရာ လမ်းသွယ်လေးနား နီးလာတော့ စိတ်တွေက အေးစက်လေးလံလာပြန်သည်။ ဒီအထိ ရောက်လာခဲ့ပြီးမှတော့ ပြန်လှည့် မသွားတော့ဘူး။ သူမကို ကျွန်တော် တွေ့ခွင့်ရမှ ဖြစ်မယ်။ သို့သော် ကျွန်တော်က စက်ဘီးကို ရှေ့ဆက် မနင်းနိုင်သေးဘဲ လမ်းမ အလယ်မှာ ရပ်တံ့ကာ တွေဝေနေမိပြန်သည်။

***************************************


သူ့အပြုံးဟာ..
ကျွန်တော့်ဆီဖြာလွင်ကျလာတဲ့ လမင်းရောင်စဉ်
သူ့မျက်တောင်ကော့ဆီမှာ ကျွန်တော့ဖွဲ့သီရာမရ ကာရန်တွေရှိခဲ့..

“ငါက အချစ်ကို မယုံဘူး။ အထူးသဖြင့် နင်တို့ ယောက်ျားတွေကို မယုံဘူး”

နာနာကျည်းကျည်း ပြောနေသော သူမ၏ မျက်နှာပေါ်မှ ပြောင်းလဲနေသော အရိပ်တွေကို ငေးမောရင်းက သူမ၏ စိတ်ဒဏ်ရာတွေကို ကျွန်တော့် ချစ်ခြင်းသစ္စာတို့ဖြင့် ဆေးကြော သန့်စင်ပေးဖို့ ဆုံးဖြတ်ခဲ့ဖူးသည်။

“အချစ်ဆိုတာကို ငါမသိဘူး။ ဒါပေမဲ့ ငါ့ဘ၀မှာ နင်မရှိလို့ မဖြစ်တာတော့ ငါ့ကိုယ်ငါသိတယ်”

သူမထံမှ ထိုစကားကို ကြားရတော့ သူမကို နင့်နင့်နဲနဲ ချစ်ခဲ့ရသမျှ ထိုက်တန်သည်ဟု တွေးထင် ပျော်ရွှင်ခဲ့ဖူးသည်။

“ငါ့ချစ်သူ ဖြစ်ချင်တဲ့နင်၊ ငါ့ဆိုးမျိုးကို ဘယ်လောက် သည်းခံနိုင်မလဲ၊ စောင့်ကြည့်လိုက်အုံးမယ်”

သူမကို သိပ်ချစ်တဲ့အကြောင်းတွေ ကျွန်တော် မြတ်မြတ်နိုးနိုး ပြောမိတိုင်း သူမက ထိုသို့ ပြောပြီး ရယ်မောပစ်တတ်ခဲ့သည်။
သို့သော် အချစ်ဆိုတာကို သူမ ဘယ်လောက်ပင် အလေးအနက် ထားထား၊ မထားထား။ ကျွန်တော့် ရင်ထဲမှာ ငယ်သူငယ်ချင်း ဘ၀ကတည်းက အမြစ်တွယ်လာသော အချစ်တွေက လျော့ပါး မသွားခဲ့တာ သိပ်ကိုသေချာခဲ့ပါသည်။ သူမကို တစ်စက္ကန့်မျှ အမြင်အာရုံထဲက ကွယ်ပျောက်တာနှင့် ရင်ထဲမှာ စူးကျင်မောဟိုက်အောင် လွမ်းတနေတတ်ခဲ့တာ။ ထိုအရာတွေအားလုံး အိပ်မက်တွေတော့ မဟုတ်ခဲ့ကြပါ။

***************************************

သူ့ကိုချစ်မိခြင်းထဲမှာ..
ကျွန်တော့်နှလုံသား တော်လဲခဲ့ရတာလည်း အခါခါပေါ့

လမ်းလယ်ခေါင်မှာ ရပ်တန့်တွေဝေနေမိသော ကျွန်တော့်ထံပါးသို့ ကျွန်တော့်စိတ်တွေ ပြန်ရောက်လာတော့ စက်ဘီးကို ရှေ့ဆက်နင်းဖို့ ဆုံးဖြတ်လိုက်သည်။
ညဥ့်နက်စ ပြုနေပြီ ဖြစ်သောကြောင့် သူမတို့ တစ်အိမ်သားလုံး အိပ်မောကျနေမည်လား။ ဒီအချိန်ကြီး သူမအိမ်ရှေ့မှာ သူမ၏ အရိပ်လေးကို တွေ့လိုတွေ့ငြား မျှော်လင့်ပြီး ထွက်လာခဲ့သော ကျွန်တော့်လုပ်ရပ်မှာ ရူးနှမ်းခြင်း သက်သက်မျှသာ ဖြစ်ပါလိမ့်မည်။ သို့သော် သူမ အိမ်ရှေ့နား ရောက်ခါနီးလေ၊ ရင်တွေက ပို အခုန်မြန်လာလေ ဖြစ်နေမှန်း ဘာသာ သိနေမိတော့ ကျွန်တော် တစ်ချက်ပြုံးမိသည်။ ထိုအပြုံးသည် ကိုယ်ပိုင်အတ္တနှင့် ရောထွေးသွားသောအခါ နာကျင်မှုတို့ဖြင့် မဲ့ကွေးကျသွားပြန်၏။ စက်ဘီး တစ်ချက် နင်းလိုက်လေတိုင်း သိမ်ငယ်မှုတွေက ကျွန်တော့်စိတ်ကို ကြိတ်ခြေနေသလို သူမကို မြင်တွေ့ချင်စိတ်ကလည်း သွေးကြောတွေထဲ လှည့်ပတ်လို့။ စက်ဘီး တစ်ချက် အလှိမ့်တိုင်းသည် ကျွန်တော့် ရှုံးနိမ့်ခြင်းတစ်ခု ဖြစ်သလို သူမအပေါ် စွန့်လွှတ်ချစ်ခြင်းတစ်ခုလည်း ဖြစ်သည်။

***************************************


သူ့နှုတ်ခမ်းပွင့်ချပ်လွှာက
ကျွန်တော့်မိုးခေါင်ရေရှားဂီတ
သူ့နွေဦးရာသီမှာမှ...
အရင်ဆုံးပွင့်ပြချင်တဲ့ ပန်းတစ်ပွင့်ဖြစ်ခဲ့တယ်..။


“မေ ငို ချလိုက်ပါလားဟင် ”

နောက်မိန်းမပေါင်း များစွာတွေထဲက တစ်ယောက်နှင့် သူမ၏ဖခင် အတိအလင်း လက်ထပ်လိုက်သည့်နေ့က အံကို တင်းတင်းကြိတ်ကာ အသားတွေ တစ်ဆတ်ဆတ် တုန်နေသည်အထိ နာကျင်ထိခိုက်နေသော သူမကို ဘယ်လို အားပေးရမည်မှန်း ကျွန်တော် မသိတတ်တော့။
ကျွန်တော်သည် သူမ ဖခင်ကဲ့သို့ မိန်းမတွေ မှိုလိုပေါက်အောင် ဖောက်ပြားမည့်သူမဟုတ်။ သူမ၏ ချစ်ဦးသူလို သူမအပေါ် သစ္စာမဲ့မည့် ယောက်ျားတစ်ယောက်မဟုတ်။ သူမ ဆော့ကစားခဲ့သော၊ ဆော့ကစားနေသော မဟာပုရိသ ကျားများလို သူမ၏ ခန္ဒာကိုယ်ကို မျက်လုံးများ၊ စကားလုံးများနှင့် ကျူးကျော် စော်ကားမည့်သူမဟုတ်။

“နင့်ကို ငါ သစ္စာရှိစွာ၊ နောက်ပြီး နားလည်တန်ဖိုးထားစွာ တစ်သက်လုံး မြတ်မြတ်နိုးနိုး ချစ်သွားမှာပါ”

အဲဒီလို ကျွန်တော် သူမကို ပြောမိတိုင်း သူမက “နင်တို့ ယောက်ျားတွေက အဲဒီလိုတွေ လျှာရိုးမရှိတိုင်း သိပ်ပြောတတ်ကြတာပဲ” ဟု ပြုံးနေသော်လည်း မဲ့ဟန်ပေါက်သည့် နှုတ်ခမ်းများဖြင့် ပြန်ပြောတတ်သည်။
ထိုစဉ်ကတည်းက “တစ်နေ့တော့ ငါ့အချစ်ကို နင် အသိအမှတ်ပြုစေရမယ်။ လောကကြီးတစ်ခုလုံး နင် ခပ်စောင်းစောင်းမြင်နေတဲ့ ယောက်ျားမျိုးတွေချည်း ရှိနေတာ မဟုတ်ပါဘူး” ဟု စိတ်ထဲက ပြန်ချေပရင်း မခံချိမခံသာဖြင့် သူမ၏ မချိုမချဉ် မျက်နှာပေးကိုသာ လက်လျော့ ငေးနေရတတ်သည်။ တစ်ခါတစ်ခါမှာတော့ သူမသည် ကျွန်တော့်လို ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတစ်ယောက်ကိုပင် ထိုယောက်ျားများနှင့် တစ်တန်းတစ်စားတည်း ထားလေသည်လား တွေးတောကာ စိတ်မကောင်း ဖြစ်ရမြဲ။
သူမ ဆော့ကစားနေသော ကစားပွဲများမှာ အင်မတန် အန္တရယ် ကြီးမားမှန်း ကျွန်တော် သတိပေးမိတိုင်း “အေးဆေးပါ” ဆိုသည့် မျက်နှာပေးဖြင့် သူမက ကျွန်တော့်ကို ခပ်ပေါ့ပေါ့သာ တုန့်ပြန်တတ်သော်လည်း၊ တစ်ယောက်ယောက်နှင့် သူမချိန်းတွေ့တိုင်း ထိုနေရာနှင့် မလှမ်းမကမ်းမှာ ကျွန်တော့်ကို ရှိနေစေတတ်ပါသည်။

“ကောက်ရိုးပုံစောင့်တဲ့ ခွေး” ဟူသော ဘွဲ့ထူးကို သူမ၏ လုံခြုံမှုအတွက် ကျွန်တော် ကျေနပ်စွာ လက်ခံယူခဲ့သည်။

“နင်က ငါ့ရဲ့ကိုယ်ရံတော်တပ်မှူးလေးပါကွယ်” လို့ ကျွန်တော့်နဖူးကို လက်ညှိုးလေးနှင့် ဖွဖွ တို့ထိပြောတိုင်း ကျွန်တော့်တစ်ကိုယ်လုံး ပီတိတို့ဖြင့် ပြည့်ဖုံးလျက် မပြုံးပဲ မနေနိုင်ခဲ့ချေ။

***************************************

ကောင်မလေးရေ..
ငါ့ကိုရွာမယောင်တော့ မလှည့်စားလိုက်ပါနဲ့

စက်ဘီးကို နင်းနေရင်းက ကျွန်တော် ဟက်ခနဲ တစ်ချက် ရယ်လိုက်မိသည်။ ခရီးအတော် နင်းခဲ့ရသောကြောင့် ထင်သည်။ ကျွန်တော်သည် ဆောင်းလေ၏ အအေးဒဏ်ကို မမှုတော့။ သွေးပူလာသောကြောင့်ဖြစ်မည်။ အနည်းငယ်ပင် နွေးထွေးလို့လာခဲ့ပြီ။
“နင့်ကို သူက ဘယ်လို နဖားကြိုးတပ်ထားသလဲ” ဟုမေးလာတိုင်း “ကျွန်တော်ကိုယ်တိုင် သူ့ချည်တိုင်မှာ တယုတယ ၀ပ်ဆင်း ခြေကျင်းခတ်ခံခဲ့တာ” လို့ ပြန်ပြောလိုက်ရတဲ့ အရသာကို သတိရပြီး လေတစ်ချက်ပင် ချွန်လိုက်မိသေးသည်။ သူမအပေါ် ကျွန်တော့်လောက် ဘယ်သူက ချစ်နိုင်မှာတဲ့လဲ။ အတွေးတွေနှင့် ကျေနပ်နေရင်း ကျွန်တော့်စိတ်တို့က သူမအိမ်ရှေ့သို့ အမြန်ရောက်လိုစိတ်တို့ ပြင်းပျလာလေတော့သည်။ စက်ဘီးကို အရှိန်မြှင့်တင်လိုက်ရင်း၊ စိတ်ထဲက “ရေး” ခနဲ တစ်ချက် အော်မိရင်း၊ “မေရေ” လို့ သူမအိမ်ရှေ့မှာ လေချွန်သံပေးလိုက်တဲ့အခါ သူမ ဘယ်လိုတုန့်ပြန်မှာလဲ သိလိုစိတ်တို့က ရင်တစ်ခုလုံး ပြည့်မောက်လာသည်။ သူမ ကျွန်တော့်ကို လွမ်းနေမှာလား။ သူမကျွန်တော့်ကို လွမ်းနေမှာပါ။ ဒါဟာ သူမနဲ့ ကျွန်တော့်ကြားက ပထမဆုံး နဲ့ နောက်ဆုံး မာနပြိုင်ပွဲသာ ဖြစ်ပေလိမ့်မည်။
တစ်သက်စာ ကျေနပ်စွာ အနိုင်ယူပါတော့ချစ်သူရေ၊ ငါ့အချစ်တွေဟာ မင်းရဲ့ သံသယ အရိပ်မဲတွေကို မြူတစ်မှုံစာ မကျန်အောင် ဖယ်ရှားပေးနိုင်လိမ့်မယ်ကွဲ့ ကောင်မလေးရဲ့။ တစ်ချိန်ချိန်ပေါ့။ ဘယ်လောက်ပဲ ကြာကြာ၊ အဲဒီတစ်ချိန်ချိန်ကို ရောက်ဖို့ ငါ ကြိုးစားပါ့မယ်။
ဒီလိုတွေးမိတော့ ကျွန်တော့်နှလုံးသွေးကြောတွေထဲ ခွန်အားတစ်ချို့က ဖြတ်ခနဲ အရှိန်အဟုန်အပြည့် စီးမျော ပေါ့ပါး ပျော်ရွှင်လာသည်။ နှင်းထုကိုထိုးခွဲလျက် မြှားတစ်စင်းလို ပြေးနေသော စက်ဘီးကို ခွန်အားကုန် နင်းပစ်လိုက်ရင်း သူမတို့ အိမ်ရှိရာ လမ်းသွယ်လေးထဲစက်ဘီးကို ဆွဲကွေ့ဝင်လိုက်သည်။ နှင်းထုထဲမှ လင်းခနဲ ဖြာလာသော စူးရှရှ အလင်းနှစ်ခုနှင့် ကျွန်တော် မျက်နှာချင်းဆိုင်မိတော့ နာကျင်စူးရှသော ဒဏ်တစ်ခုက ရင်ခေါင်းဝကို ထိုးဆောင့်တက်ကာ လူက အဝေးကို လွင့်စင်သွားသလို။ နောက်တော့ ကျွန်တော့ မျက်လုံးတွေထဲ ပကတိအမှောင်တစ်ခုက လျင်မြန်စွာ ထိုးဆင်းကျလာခဲ့တော့သည်။

***************************************

မင်းမိုးချိမ်းသံတွေအောက်မှာ
ငါက
မှောက်မှောက်မှားမှား
ဒူးထောက်ထားနှင့်မိသူပေါ့ကွယ်...။ ။

နောက်ဆုံးတော့ နင့်ရှေ့ကို ငါ..ရောက်လာခဲ့ရတာပဲမလား။ မောလိုက်တာကောင်မလေးရယ်။ စက်ဘီးကို တအားနင်းခဲ့ရပေမဲ့ ငါက ခုမှ လိုအပ်တာထက် ပိုပြီး နာကျင်ပင်ပန်းနေသလိုပဲ။ အာခေါင်တွေတောင် ခြောက်ကပ်ပြီး ရေငတ်နေသလိုလို။ ဒါပေမဲ့ ငါလိုအပ်နေတာ ရေအေးအေးတစ်ခွက်ထက် နင့်ရဲ့ ကြည်လင်ရွှန်းပ အပြုံးတစ်စလေးပါ။
ငါက နင် စိတ်ဆိုးပြီး ဆူဆောင့်နေတဲ့ အချိန်တောင် ပြန်စိတ်မဆိုးရက်ပဲ နင့်အအော်အငေါက်ကို ကျေကျေနပ်နပ် ခံယူခဲ့သူပါ။ နင့်ဘေးနားမှာ ငါ ရှိနေခွင့်ရသ၍ အရာရာကို ငါကျေနပ်နိုင်ခဲ့တာ နင်အသိခဲ့ဆုံးပါ။
ခုလည်း ငါ့မာနတွေ ခ၀ါချပြီး နင့်အိမ်ရှေ့ကို ရောက်လာခဲ့ပြန်ပြီ။ နင်ယုံကြည်ထားတဲ့အတိုင်း ငါက နင့်ဆီကနေ ဝေးဝေးကို ပြေးထွက်မသွားနိုင်ခဲ့ဘူး ဆိုတာ သိပ်သေချာနေခဲ့တဲ့ အတွက် နင်... ကျေနပ်လိုက်တော့နော်။
နင့်အိမ်ရှေ့ကို ငါရောက်လာတိုင်း ထိုင်နေကျ လမ်းဘေး အုတ်ခုံလေးမှာ ၀င်မထိုင်ခင် လေချွန်သံ ပေးတတ်တာကို နင် သိပ်သဘောကျခဲ့တယ်။ ခုလည်း ငါ လေချွန်နေတယ်။ ဒါပေမဲ့ ငါ့လေချွန်သံကို ငါ ပြန်မကြားရဘူး။
နင်.. နင်ရော ကြားရရဲ့လား။
အလို.... ငါ့အာရုံတွေက ဘာလို့ အနီတွေ ရင့်ရိုင်းနေတာပါလိမ့်။
အနီတွေ... အနီတွေနဲ့ အတူ ငါ့စိတ်တွေက နင်နဲ့ ဝေးရမှာကို ခါတိုင်းထက် ပိုပြီး ဘာကြောင့် တုန်လှုပ်လာရတာလဲ။ “ဘယ်တော့မှ မခွဲဘူး” လို့ နင့်ကို ပေးထားတဲ့ ကတိစကားကို နင်ကြားအောင် ငါ တဖွဖွရွတ်နေတယ်။ ဒါဟာ အိပ်မက်ဆိုး ဆိုလဲ ငါ နိုးထလာအောင် နင်ပဲ လုပ်နိုင်မှာ။

မေရေ.. မြန်မြန် ထွက်လာခဲ့စမ်းပါဟာ။ ငါလေ နင့်ကို သိပ်ချစ်တဲ့အကြောင်းတွေ တတွတ်တွတ် ပြောချင်လှပြီ။ လွမ်းလဲ လွမ်းလှပြီ။
နောက်... နင်က ငါ့အချစ်ကို ယုံကြည်ပါပြီ လို့ ရှက်ပြုံးလဲ့လဲ့နဲ့ ငါ့ရင်ခွင်ထဲ ခိုဝင်ပြီး ပြောတဲ့ အသံကိုလဲ ကြားချင်လှပြီ။
အဲဒီအခါကျ ပိုးသားလို ပျော့ပျောင်းတဲ့ နင့် အညိုရောင် ဆံနွယ်စတွေကို ငါ တစ်ရှိုက်မက်မက် နမ်းမယ်လေ။ နင် စိတ်မဆိုးရဘူးနော်။

“မေရေ.. နင် ထွက်လာခဲ့ပါဟာ။ ငါ နင့်အိမ်ရှေ့မှာ ထိုင်စောင့်နေရတာ ချမ်းလှပြီဟ”

အမှောင်ထုက တစထက်တစ ပိုအေးစက်ပြီး ငါ့ကို ၀ါးမျိုနေသလိုပဲ။ ငါ့ မြင်ကွင်းမှာ အနီတွေ ပိုရင့်မှိုင်းလာတယ်။
ငါ့ အာရုံတွေက အိပ်မက်ဆန်လာတာလား။ ငါ့စိတ်တွေက နင့်ဆီ တ၀ဲဝဲ လွင့်မျောနေပေမဲ့ နင့်ကို ငါ ဖမ်းဆုပ်လို့ မရဘူး။ အနီတွေက တစ်ဖြည်းဖြည်း ပိုမှောင်လာတယ်။

ငါမြင်ယောင်နေတဲ့ နင့်အပြုံးတွေက ပို စူးရှလာတယ်။

မေ..ရေ..ကောင်မလေးရေ...
ငါခေါ်နေတာ နင်ကြားရဲ့လား............
ငါ့ရင်ထဲမှာ ပဲ့တင်ထပ်နေတဲ့ စကားတစ်ခွန်း နင့်ကို ငါ ကြားစေချင်လှပြီ.........

ငါ....
ငါလေ....

နင့်ကို..........


သိပ်ချစ်တယ်....................


***************************************

ချစ်သောသူတိုင်း ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေ။

NOTE: ဒီဝတ္ထုတိုလေးက ကျွန်တော် ကြိုးစားပြီး ရေးထားတာပါ။ လိုအပ်ချက်များစွာ ရှိနေခဲ့ရင်လည်း အားပေးသူ မိတ်ဆွေအပေါင်းအတွက်တော့ တစ်စုံတစ်ခုသော ရသကို ပေးနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ကျွန်တော် ဂျီကျပူဆာလွန်းလို့ (ဆောင့်ဆောင့်အောင့်အောင့်နဲ့) ဒီဝတ္ထုတိုလေးအတွက် ကဗျာလှလှလေး ဖွဲ့သီပေးခဲ့သော ကဗျာဆရာမ အမ “အိန္ဒြာ” ကို အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ။


မေတ္တာဖြင့်
မိုးကုတ်သား

28 comments:

ဖိုးစိန် said...

ထုံးစံအတိုင်း တစ်ယူတယ်

ဖိုးစိန် said...

ကျနော့်အပြုံးတွေ နေကြတ်သွားခဲ့ရယ်.. ဟုတ်တယ်..
“မင်း ဘာကြောင့် ဒီလောက် နေနိုင်ရပြီး ငါက ဘာကြောင့် မနေနိုင်ရတာလဲ။”


ကျွန်တော့်နှလုံးသားက အေးစက် ထုံထိုင်းသွားရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။ ဒါဆို အေးခဲသွားတဲ့ နှလုံးသားမှာ သူမအတွက် ဘာ ခံစားချက်တွေမှ ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး။



“အချစ်ဆိုတာကို ငါမသိဘူး။ ဒါပေမဲ့ ငါ့ဘ၀မှာ နင်မရှိလို့ မဖြစ်တာတော့ ငါ့ကိုယ်ငါသိတယ်”



“သူ့နှုတ်ခမ်းပွင့်ချပ်လွှာက
ကျွန်တော့်မိုးခေါင်ရေရှားဂီတ
သူ့နွေဦးရာသီမှာမှ...
အရင်ဆုံးပွင့်ပြချင်တဲ့ ပန်းတစ်ပွင့်ဖြစ်ခဲ့တယ်..။”




မင်းမိုးချိမ်းသံတွေအောက်မှာ
ငါက
မှောက်မှောက်မှားမှား
ဒူးထောက်ထားနှင့်မိသူပေါ့ကွယ်...။ ။”



ငါ့ရင်ထဲမှာ ပဲ့တင်ထပ်နေတဲ့ စကားတစ်ခွန်း နင့်ကို ငါ ကြားစေချင်လှပြီ.........

ငါ....
ငါလေ....

နင့်ကို..........


သိပ်ချစ်တယ်....................



ခုရွေးချယ်ထားတဲ့ စကားစုနဲ့ ကဗျာလေးတွေကို သဘောကျတယ်...

ခံစားရပါတယ်...

ချစ်မိသူတိုင်း.... ချစ်နေသူတိုင်း... ချစ်ရသူတိုင်း... တူတူနေရပါစေ....


ချစ်ခင်လေးစားစွာဖြင့်

ချစ်ညီ

မျောက်ငို

မခ said...

ကောင်းလိုက်တာ... ဘာပြောရမှန်းတောင်မသိတော့ဘူး

အိန္ဒြာ said...

ဒီလိုမှန်းသိရေးမပေးပါဘူး

ဖွဖြစ်အောင်ဖွတယ်...

ဆောင့်ဆောင့်အောင့်အောင့်ကပါသေး..း(

***************************
စကားပြေကိုရိုးရိုးရှုင်းရှုင်းနဲ့ ဆွဲဆောင်မှုရှိအောင်ရေးတတ်တဲ့ မိုးကုတ်သား
အောင်မြင်ပါစေ

ခင်ခင်မင်မင်

MANORHARY said...

ကဗျာလေးလည်းလှ
စာလည်းလှ ...
အချစ်တွေလည်း
ကမ္ဘာကြီးမှာလှပါစေ
(ကိုယ်မယုံကြည်တာကလွဲရင် ..) :P

ကောင်းကင်ပြာ said...

နင့်ကို သူက ဘယ်လို နဖားကြိုးတပ်ထားသလဲ” ဟုမေးလာတိုင်း “ကျွန်တော်ကိုယ်တိုင် သူ့ချည်တိုင်မှာ တယုတယ ၀ပ်ဆင်း ခြေကျင်းခတ်ခံခဲ့တာ” လို့ ပြန်ပြောလိုက်ရတဲ့ အရသာကို သတိရပြီး လေတစ်ချက်ပင် ချွန်လိုက်မိသေးသည်။

ဒီနေရာလေးမှာ သဘောတကျ ပြုံးပီးဖတ်နေမိတုန်း....

သူမတို့ အိမ်ရှိရာ လမ်းသွယ်လေးထဲစက်ဘီးကို ဆွဲကွေ့ဝင်လိုက်သည်။ နှင်းထုထဲမှ လင်းခနဲ ဖြာလာသော စူးရှရှ အလင်းနှစ်ခုနှင့် ကျွန်တော် မျက်နှာချင်းဆိုင်မိတော့ နာကျင်စူးရှသော ဒဏ်တစ်ခုက ရင်ခေါင်းဝကို ထိုးဆောင့်တက်ကာ လူက အဝေးကို လွင့်စင်သွားသလို။ နောက်တော့ ကျွန်တော့ မျက်လုံးတွေထဲ ပကတိအမှောင်တစ်ခုက လျင်မြန်စွာ ထိုးဆင်းကျလာခဲ့တော့သည်။

ဒီနေရာလဲ ရောက်ရော ရင်ထဲကို ဟာခနဲ ဖြစ်သွားတာပဲ...အဲ့လို မဖြစ်စေချင်ဘူးးး
ကဗျာလေးနဲ့ စာလေး ချိတ်ဆက်ထားတာလေး တွေ သိတ်ကြိုက်ပါတယ်..း)

WWKM said...

ပြောတော့ စနေနေ့ည ၉နာရီမှာ ကျွန်တော်မိန်းမခိုးမယ်
အစ်မတွေက အထုတ်ထမ်းပေးဆိုလို့ အိပ်ချင်တာကိုမအိပ်ပဲစောင့်ဖတ်နေပါတယ်.. ဒီလိုယောင်းမမျိုးနဲ့ဆိုရင်တော့ သဘောမတူနိုင်ဘူး ဘိုဘိုရေ. အဟေးး

စာရေးတကယ်ကောင်းပါတယ်။
စကားလုံးတွေကလှ..စိတ်ကူးတွေကကောင်း.

reenoemann said...
This comment has been removed by the author.
သီဟသစ် said...

ကိုဘိုရေ

ကဗျာလေးက ချစ်စရာကောင်းသလို ကိုဘို့စာလေးတွေကလဲ ကဗျာဆန်လိုက်တာဗျာ

အဲလိုရေးတတ်ချင်လိုက်တာ။ ကျွန်တော်ရေးရင် ရိုမန်တစ်ကနေ ဟာသဖြစ်သွားတယ်
:P

ခင်မင်စွာဖြင့်
သီဟသစ်

မယ်ကိုး said...

အရေးအသားအရမ်းလှတာ ဖတ်ရသူတွေ အားလုံး အရည်ပျော်သွားတာတောင် စိတ်ကြိုက်မရှိသေးဘူးတဲ့။
လွန်ပါတယ် =)

ဗညားရှိန် said...

ကိုဘို ကောင်းလိုက်တဲ့ ပို့လေးဗျာ မျှောသွားတယ် ခံစားချက်တွေ

မိုးခါး said...

ဝါးးးးးးးးးးးးးးး
ဘာလို့ ခွဲတာလဲ ........း(((((
ကောင်မလေးကလည်း ထွက်တောင် မလာဘူး .. ငိုချင်သွားတယ် .................း(((((((((

မြစ်ကျိုးအင်း said...

အစကနေအဆုံးတိုင်အောင် တမေ့တမော ဖတ်ဖြစ်တယ်

(ဒါကဒုတိယအကြိမ်ဖတ်တာပါ ပထမတခေါက်လာဖတ် ပြီးပါပြီ နောက်ဆုံးမှ မန့်မလို့ ပြန်သွားတာ)

တကယ်တော့ ဖတ်တယ်ဆိုတာထက် စာထဲမှာ စီးမျော သွားတာဆိုပိုမှန်မှာပါ။

သိပ်ကောင်းတယ်ချစ်ကိုရေ

အရေးအသားလေးကပြေပြစ်လွန်းတော့ ဖတ်ရင်းနဲ့ တကယ်ကို မျောသွားပါတယ်။အားပေးပါတယ်။

သုဒြေ္န said...

ေ၇းထားတာလေးနုလွန်းတယ်လို့ ပြောရင် စိတ်ဆိုးမှာလား ဝေါဟာနဲ့  စကားလုံ့းအသုံးနှုန်းတွေ စနစ်တကျနဲ့  စီကာဆင်ကာရေးပုံလေးက စာဖတ်သူကိုတစစ ကိုယ်ပြောချင်တဲ့  အကြောင်းရာလေးဆီ တရွေ့ ရွေ့ ဆွဲခေါ််သွား ပုံလေးကညက်တယ် ရှတတခံစားချက်လေးေ၇းတာထင်ပြီးဖတ်မိတယ် ဆူးစိုက်စိုက် နဲ့  သေရွာပါခံစားမှုတခုတွေ့ ရတဲ့ အခါ အံ့သြခြင်း ကောင်းကင်ထဲရောက်သူလိုစုတ်တသတ်သတ်နဲ့ အနက်ရှိုင်းဆုံးပြင်းပြပြ"အချစ်ရဲ့ ပေးဆပ်ခြင်း လျှို့ ဝှက်ချက်ကိုမြင်ရတော့ တယ် နှလုံးသား နုတဲ့  ခံစားမှုပြင်းတဲ့  စွဲလမ်းတမ်းတခြင်းများများရှိသူတွေရဲ့  အေ၇းသားမျိုး လေးပေါ့  ကဗျာရေးတဲ့  မအိဒ္နြာ စာရေးတဲ့  မိုးကုတ်သား တို့ ကို ဒီမန့် လေးနဲ့ ဂုဏ်ပြုပါရစေ ဖတ်ရတာကောင်းလွန်းလွန်းလို့ ကျေးဇူးတင်ပါတယ် ခင်မင်မှုများစွာဖြင့်  သုဒြေ္န

ရွှေပြည်သူ said...

ကိုမိုးကုတ်ရေ... အရေးအသားက ကောင်းလိုက်တာ။ တချို့စာကြောင်းတွေ ၂ခါပြန်ဖတ်မိတယ်။ အစ်ကို့စာတွေနဲ့ အစ်မအိန္ဒြာရဲ့ ကဗျာလေးပေါင်းထားတဲ့ ပို့စ်တစ်ခုလုံးက နာနာကျင်ကျင်လေးနဲ့ကို လှနေတာ...

ကြည်ဖြူပိုင် said...

မင်း ဘာကြောင့် ဒီလောက် နေနိုင်ရပြီး ငါက ဘာကြောင့် မနေနိုင်ရတာလဲ။
<<<<<<
အဲလိုအဖြစ်မျိုးတွေက အများသားနော်
:)
ကိုဘိုရေ
စာရေးသားလေးကညွှတ်နေတာပဲ
အရမ်းစာရေးကောင်းတယ်

စည်သူ said...

အရေးအသားကို ကြိုက်တယ်..

တကယ်ပါ.. ဖွဲဆိုမှုလေးတွေ အရမ်းကောင်းတယ်ဗျာ
နောက်တစ်ယောက်ရှိပါသေးတယ်.. မမမယ်၉လေ..
ခုတော့ အမောတွေပြေပျောက်ဖို့ နားနေတယ်..း)

မန့်မယ်ဆို မန့်လိုမတတ်ဘူးဗျ..
စာဖတ်ရင်း ဒန်းစီးနေရသလိုပါပဲ..

တစ်ချက်တစ်ချက် အေးကနဲ့ ဖြစ်သွားလိုက်
တစ်ချက်တစ်ချက် ပူကနဲ့ ဖြစ်သွားလိုက်.. ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး မျောသွားတယ်..။

ခင်မင်စွာဖြင့်
စည်သူ။

စိုင်းစိုင်းလားရှိုး said...

ကိုဘို စာကို သေချာဖတ်တယ် အသုံးအနှူံး ဦးစားပေးကို သဘောကျတယ်... ခံစားချက်ကို ဦးစားပေးတာများပြီး ရသ နဲနဲ စွတ်လိုက်ရင် ပိုကောင်းမလား ? မင်းသားတောက်လျှောက် ခံစားနေရတာမျိုး မဟုတ်ပဲ။ မင်းသား သက်တောင့်သက်သာ နေရတဲ့ အခန်း တစ်ချက်လောက် ထဲ့ပေးလိုက်ရင်ဖြင့်........??

Orange Chit Thu said...

အရေးအသားတွေက တယ်လဲ လန်းနေပါလား ကိုဘိုရဲ့....
လက်တွေ တက်နေတယ်ထင်ပါ့ ....
“နင့်ကို သူက ဘယ်လို နဖားကြိုးတပ်ထားသလဲ” ဟုမေးလာတိုင်း “ကျွန်တော်ကိုယ်တိုင် သူ့ချည်တိုင်မှာ တယုတယ ၀ပ်ဆင်း ခြေကျင်းခတ်ခံခဲ့တာ” လို့ ပြန်ပြောလိုက်ရတဲ့ အရသာကို သတိရပြီး လေတစ်ချက်ပင် ချွန်လိုက်မိသေးသည်။ သူမအပေါ် ကျွန်တော့်လောက် ဘယ်သူက ချစ်နိုင်မှာတဲ့လဲ။ {တယ်ဆိုတဲ့စာပါလား....}
"သူမ အိမ်ရှေ့နား ရောက်ခါနီးလေ၊ ရင်တွေက ပို အခုန်မြန်လာလေ ဖြစ်နေမှန်း ဘာသာ သိနေမိတော့ ကျွန်တော် တစ်ချက်ပြုံးမိသည်။ ထိုအပြုံးသည် ကိုယ်ပိုင်အတ္တနှင့် ရောထွေးသွားသောအခါ နာကျင်မှုတို့ဖြင့် မဲ့ကွေးကျသွားပြန်၏။" {ဒါကတော့ရင်ဘတ်ကို ဖတ်ခနဲထိတယ်}
ဒီ Post လေးကကဗျာလေး ကြောင့်လဲ ပိုအသက်ဝင်တယ် ထင်မိတယ်။
ကဗျာထဲက အကြိုက်ဆုံး စာသားလေးရှိတယ်..."သူ့မျက်ရည်ကြည်လဲ့ဟာ..
ကျွန်တော့် စိုးရိမ်ရေမှတ် ဒီရေဖြစ်ခဲ့တယ်..။" {ရေလည်ခိုက်တယ်}
ကဲ...Overall ပြောရရင်....လှပတဲ့ ရသလေးတစ်ခု ဖတ်လိုက်ရတယ်ပေါ့.....

မငုံ said...

ကဗျာလေးက လှသလို ဇာတ်အိမ်လဲ ကောင်းတယ်။

ညီညီ said...

အရေးအသားလည်းကောင်းတယ်. ကဗျာလေးတွေလည်းကောင်းတယ်။ တစ်ပုဒ်လုံး အစ အဆုံး သယ်သွားပါတယ်.။ နောက်ထပ်လည်းအများကြီး ရေးနိုင်ပါစေ ကိုဘိုဘို ရေ.။

ခင်မင်တဲ့

ညီညီ

မေဇင် said...

အာ....ဦးဘို ရယ် ဘယ်လိုလေး ဇတ်သိမ်းထားတာလဲ ဟင်... ကြုံခဲ့ရတဲ့ ဘ၀ ဒဏ်တွေ ကြောင့် ခပ်ဆိုးဆိုးလေး ဖြစ်နေတဲ့ ကောင်မလေး တစ်ယောက်ကို ချစ်ရ တဲ့ လူ တစ်ယောက်ရဲ့ အချစ်ကို မြင်နေရတယ် ...တကယ်ပါပဲ... မျှော်လင့်နေတာ..သူ ကောင်မလေး အိမ်ရှေ့ကို ရောက်ရင်... ကောင်မလေး က သူ့ ကို မျှော်နေမယ်... သူ့ကို တွေ့ရင် ငိုမယ်လို့.. ဒါပေမယ့် ဇတ်သိမ်းက ရင့်နင့်တယ်.. :((

khin oo may said...

သိတ်လှတဲ့အဖွဲ့ဝတ်ထုကလေးပါဘဲ ခံစားမှူတွေ ရောထွေးပါနေမယ်လို့မျှော်လင့်ပါတယ်။ ဇတ်သိမ်းကတော့သိတ်ရက်စက်လွန်းတယ်။ စကားလုံးတိုင်းက မျှားတွေ လိုပါဘဲ ပြင်းပြ စူးရှနာကျင်ရလွန်းတယ်။ (ဒါကြောင့်ရှပ်ဖတ်လိုက်တယ်။ ။ ) ဒ
ါကိုမျ လိုအပိချက်ရှိသေးတယ်ဆိုရင်လဲပြင်ဘို့မကြိုးစားပါနဲ့တော့လုပ်ရေးတာတွေ ကမကောင်းပါဘူး ခံစားချက်နဲ့ရေးတာဘဲကောင်းပါတယ်။)

rose of sharon said...

အဲလိုဇာတ်သိမ်းမယ်လို့ကြိုသိခဲ့ရင် အဆုံးထိဖတ်ဖြစ်မယ်မထင်ဘူး... ခုတော့ ရင်ထဲမှာတစုံတရာကျန်ရစ်ခဲ့တယ်....( စာရေးကောင်းတယ်)

့မြသွေးနီ said...

အစမှအဆုံးတိုင် ဆွဲခေါ်သွားလိုက်တာ...
ပြည့်စုံတဲ့အရေးအဖွဲ့နဲ့ ....ရင်ထဲ နင့်ကျန်နေခဲ့တယ်။
Blog Digestအတွက် လျာထားချင်မိပါတယ် ကိုဘိုဘိုရေ..။ အဆင်ပြေမပြေ myathwayyni@gmail.com ပြန်ပြောပေးပါနော်..။

( ဆိုက်မှာလဲ လင့်ခ်ချိတ်ထားလိုက်ပါတယ်)

Anonymous said...

ဝမ်းနည်းစရာတွေ မဖတ်ချင်ဘူး
ဖတ်တော့ပြီးသွားပြီ။
ကောင်လေး သေသွားလား...။


sinsin

ထော်ဦး said...

ကိုမိုးကုတ်ရေ...
lookမှာ2ခါဆုံခွင့်ရတာ ၀မ်းသာမိပါတယ်ခင်ဗျာ
teen magazineရဲ့  Blog Digestကဏ္ဍ
မှာ ပါဝင်ခွင့်ရတော့မယ် ဆိုတော့လည်း
ထပ်တူဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ...
ထော်ဦး(ဘားအံကွန်ပျူတာ)
http://htawoo.blogspot.com

ထော်ဦး said...

ကိုမိုးကုတ်ရေ...
lookမှာ2ခါဆုံခွင့်ရတာ ၀မ်းသာမိပါတယ်ခင်ဗျာ
teen magazineရဲ့  Blog Digestကဏ္ဍ
မှာ ပါဝင်ခွင့်ရတော့မယ် ဆိုတော့လည်း
ထပ်တူဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ...
ထော်ဦး(ဘားအံကွန်ပျူတာ)
http://htawoo.blogspot.com