Thursday, April 15, 2010

“လိုအပ်သော......... ရင်ခွင် အနွေးဓာတ်”


.
..
...

“လိုအပ်သော......... ရင်ခွင် အနွေးဓာတ်”



ခင်မင်တွယ်တာမှု၊ သံယောဇဉ်တို့ကို တန်ဖိုးထားတတ်သူများ အတွက်တော့ တွေ့ဆုံခြင်းသည် စိတ်နှလုံး ကြည်မွေ့ချမ်းမြေ့စေနိုင်သလောက်... ခွဲခွာခြင်း၏ လောင်ကျွမ်းမှုသည်လည်း ထပ်တူကျနိုင်မှန်း ကျွန်တော် နားလည်သော်လည်း မေ့လျော့ထားခဲ့မိသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း သံယောဇဉ်ကြီးတတ်သူ ဖြစ်သောကြောင့် ကိုယ် တွယ်တာသော သူများနှင့် ခွဲခွာရခြင်းကို နှစ်သက်နေတတ်နိုင်ခဲ့သူ မဟုတ်ခဲ့ပါ။

ဒီနေ့သည် ကျွန်တော်တို့ ရုံးမှ ကျွန်တော်နှင့် အလုပ် အတူ လုပ်ဖော်ကိုင်ဘက်များထဲက နှင်းကို နှုတ်ဆက်ပွဲ လုပ်ရမည့်နေ့ ဖြစ်သည်။


"ကောင်းသော နံနက်ခင်းပါ..."

ရုံးနောက်ကျနေသော ကျွန်တော် ဝင်လာတော့ ပြုံးရွှင်သော မျက်နှာဖြင့် ဆီးကြိုနှုတ်ဆက်တတ်သူမှာ နှင်း တစ်ယောက်သာ..။ အင်း..... နောက်ရက်တွေမှာတော့ ရုံးကလေးသည် ကျွန်တော့်အား ဆီးကြိုသူမဲ့စွာ အဘယ်မျှ အေးစက်သွားလိမ့်မည်လဲ..။

ပြန်ပြုံးပြလိုက်သော ကျွန်တော့်အပြုံးတို့က အရင်နေ့တွေကလို လန်းဆန်းတက်ကြွမလာနိုင်ခဲ့...။

"ဟားးး.......... နိုင်"

ကျွန်တော့် အလုပ်ခုံမှာ ကွန်ပျူတာကို ဖွင့်နေတုန်း နှင်းက ကျွန်တော့်ဘေးတွင် လာရပ်ကာ ကျွန်တော့်ပခုံးတစ်ဘက်အား တင်းတင်း ဖျစ်ညှစ်ရင်း တစ်ချက်ခေါ်၏။ သူ၏လက်ချောင်းများမှ သံယောဇဉ်လျှပ်စီးများက ကျွန်တော့် ဘယ်ဘက် ပခုံးမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့ဝင်သွားသလို...။ ခွဲရမည်ဆိုသော အသိတို့ဖြင့် နှင်းသည်လည်း ကျွန်တော့်လို စိတ်မကောင်းဖြစ်နေတာ နားလည်ပါသည်..။

ရုံးသို့ စရောက်လာကာစမှာ ဂျစ်ကန်ကန်ပုံစံရှိသော နှင်း ကို ကျွန်တော် ချက်ချင်း ရင်းနှီးခင်မင်စိတ် မရှိခဲ့သေးပါ။ နေ့စာ စားချိန် ရောက်တိုင်း စီနီယာများက နှင်းအား စကားစမည် ပြောကြသော်လည်း မှုန်ကုပ်ကုပ်နှင့် စကားပြန်ပြောချင်သလို မပြောချင်သလိုပုံစံ ရှိသော သူ့အသွင်ကြောင့် ကြာတော့ သူ့ကို စကား သိပ်မပြောဖြစ်ကြတော့ပဲ အချင်းချင်းသာ စကားပြောဖြစ်ကြတော့သည်။

ကျွန်တော်ကတော့ ဘယ်သူ ဘာပြောပြော နားထောင်သူသက်သက်..၊ တစ်ခွန်းမေးမှ တစ်ခွန်းဖြေတတ်သူ ဆိုတာ တစ်ရုံးလုံး သိပြီးကြသောကြောင့် ကျွန်တော် စကားမပြောခြင်းသည် သူတို့အတွက် ဘာမဖြစ်သော်လည်း.. စကားဝိုင်းထဲ ဝင်မပါပဲ တစ်ခါတစ်ရံ ထမင်းစားပြီး ဆိုင်မှာ အိပ်ငိုက်နေတတ်သော နှင်းကို ရုံးကလူတွေ နားမလည်ကြ။ မခင်လျင် ဘာမှ သိပ်ဂရုမစိုက်တတ်သော ကျွန်တော်ပင် “မာနကြီးလေသလား” တွေးမိသည်အထိ နှင်းက ကျွတ်ဆတ်ဆတ်နိုင်ကာ ထီမထင်သောပုံ ပေါက်နေခဲ့သည်။

တစ်ရုံးလုံးမှာ အပြုံးနှင့် နှုတ်ဆက်တတ်သူက ကျွန်တော်တစ်ယောက်တည်းမို့ ထင်သည်။ တစ်ယောက်တည်း ဆိတ်ဆိတ်နေ နေ တတ်သော နှင်းက ကျွန်တော့်ကိုတော့ စကားပြောဖို့ ကြိုးစားတတ်သည်။ မနက် ရုံးရောက်ပြီး ကျွန်တော် ကော်ဖီဖျော် မနက်စာစားရာ အခန်းလေးထဲ သူ့ရေဗူးကို ရေလာဖြည့်ရင်း နှင်းက ကျွန်တော့်ကို စကားပြောတတ်သည်။ ရုံးခန်းထဲ ပြန်ရောက်လျှင်တော့ သူက သူ့နေရာမှာ တိတ်တဆိတ်ထိုင်ကာ သဌေး ဒါမှမဟုတ် စီနီယာတစ်ယောက်ယောက်က ပေးထားသော အလုပ်ကို လုပ်နေတတ်၏။

ရုံးက လုပ်ငန်းသဘောတရားနှင့် ပတ်သက်တာတွေကို သူ ဆက်မလုပ်တတ်လျှင်တော့ ကျွန်တော် ရေဗူး ရေထဖြည့်သည့်အခါမျိုးမှာ နောက်က လိုက်လာပြီး မေးတတ်သည်..။ သူ သိလိုသည်များကို ပြောပြတိုင်း

"ကျေးဇူးတင်ပါတယ်" ဟု လှိုက်လှိုက်လှဲလှဲ ပြောတတ်သော နှင်းအား ကျွန်တော် တဖြည်းဖြည်း ခင်သွား၏။ နောက်တော့ သူ့မှာ ဘာသာစကား အခက်အခဲကြောင့် တခြားသူများနှင့် စကားပြောဖို့ စိုးရွံ့နေတာမှန်း ကျွန်တော် သိသွားခဲ့သည်။

ကိုယ် နားမလည်တာ ရှိလျှင် ပြန်မေးဖို့၊ ကိုယ် တတ်သမျှ စကားလုံးများနှင့် စကားကို ကြိုးစားပြောဖို့...၊ ကျွန်တော် ရုံးကို ရောက်ကာစ အတွေ့အကြုံများကို ပြန်ပြောပြရင်း... ကျွန်တော်သည် နှင်းအတွက် အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်လာခဲ့၏။

နောက်ပိုင်းမှာတော့ နှင်းသည် ရုံးက တခြားသူများနှင့် အဆင်ပြေစွာ ပေါင်းသင်းဆက်ဆံတတ်လာသည်။

တစ်ရက်မှာတော့... သူ့ခံစားချက်တစ်ချို့ကို ကျွန်တော် လှစ်ခနဲ လှမ်းမြင်လိုက်ကာ နှင်းကို ပို ခင်တွယ်သွား၏။

ထိုနေ့က သဌေးအိမ်မှာ ရုံးသူရုံးသား အားလုံး တီဗွီစုကာ ကြည့်ဖြစ်ကြသည်။

မှတ်မှတ်ရရ American Idol (အမေရိကားမှ သီချင်းဆိုပြိုင်ပွဲ) နောက်ဆုံး စကာတင်နှစ်ယောက် သီချင်းဆိုသည့် တီဗွီ အစီအစဉ်။

ဝယ်ထားသော မုန့်တွေစားလိုက်၊ ဘီယာသောက်လိုက်၊ ဆိုသွားသော သီချင်းတွေကို ဝေဖန်လိုက်..၊ ဘယ်သူ ပထမ ရမလဲ ခန့်မှန်းရင်း ငြင်းခုန်လိုက်ဖြင့် အားလုံး ရယ်မော ပျော်ရွှင်နေကြပြီး အလုပ်ချိန်မှာ စိတ်ပင်ပန်းခဲ့ရမှုတွေက သက်သာရာလည်း ရကာ ပေါ့ပါးသွားခဲ့ရ၏။

အစီအစဉ်ပြီးတော့ ကျန်တဲ့သူတွေက တစ်ယောက်ပြီး တစ်ယောက် ပြန်သွားသော်လည်း နှင်းက မပြန်ချင်သေး။ သောက်လက်စ ဘီယာကို ဇိမ်ဆွဲကာ ကုန်အောင် သောက်ချင်နေသေးသည်။ သူဌေးကလည်း သူ၏ ခွေးတွေကို လမ်းလျှောက်ထွက်ပေးဖို့ အပြင်ထွက်အုံးမည်။ ဒီတော့ နှင်းက ကျွန်တော့်ကိုမပြန်ပဲ ခဏနေပေးဖို့ ပြော၏။

ကျွန်တော် မနေချင်ပါ။ ဒီအချိန်ဆို ချစ်သူက အင်တာနက်မှာ ကျွန်တော့်ပုံရိပ်ကို WebCam ထဲကနေ မြင်ရဖို့ ၊ ကျွန်တော့်ကို စကားပြော အလွမ်းသယ်ဖို့ စောင့်နေတော့မည်။ အိမ်ပြန်နောက်ကျနေလို့ မဖြစ်သေး။ နောက်ပြီး ကျွန်တော့်မှာ.. ချစ်သူနှင့် ဆုံနေကျ ထိုအချိန်လေးသာ ချမ်းမြေ့ကြည်နူးရသည်မဟုတ်လား။

ငြင်းလိုက်ရမှာ အားနာစိတ်တို့နှင့် တွေဝေနေဆဲ...

“အိမ်ပြန်ရောက်ရင် ငါတစ်ယောက်တည်း အထီးကျန်နေလို့ပါ...”

ထိုစကားတစ်ခွန်းက အိမ်ပြန်ချင်နေသော ကျွန်တော့်ခြေလှမ်းတွေကို တုပ်ဆွဲထားကြသည်။

မိသားစုကို ခွဲခွာထွက်ပြီး ရေမြေရပ်ခြားမှာ အလုပ်လာလုပ်နေရသူချင်းမို့ သူ့ခံစားချက်ကို ကျွန်တော် အသေအချာ နားလည်သည်။ ဒီတော့ အင်တာနက်မှာ စောင့်နေမည့် ချစ်သူကို ကျွန်တော် အိမ်ပြန် နောက်ကျမည့်ကြောင်း သတင်းပို့ထားလိုက်ရတော့သည်။

“ငါ.. ဒီမှာ.. အလုပ်လုပ်လာတာ အချိန် အတော်ကြာလာပြီ။ ဒီနေ့လိုမျိုးက ငါအပျော်ဆုံးပဲ”

စကားရပ်ကာ ဘီယာကို မျှင်းသောက်နေသော နှင်း၏ မျက်နှာက စိတ်ချမ်းမြေ့ပျော်ရွှင်မှုတွေကို အထင်းသား မြင်နေရ၏။

“မင်းသိလား...၊ ရုံးမှာ တစ်ချိန်လုံး.. အလုပ်.. အလုပ် နဲ့.. အားလုံး ရှုပ်နေကြရတာ။ ငါတို့က အလုပ်လုပ်ဖို့ပဲ ခေါင်းထဲ ရှိတဲ့ စက်ရုပ်တွေလား။ ငါတို့ရဲ့ ကိုယ်ပိုင်ခံစားမှုဘဝ အတွက် အချိန်က အလုပ်ချိန် ပြင်ပ တစ်ခုတည်းလား”

ဘီယာ သုံးလေးဗူးလောက် သောက်ပြီး နှင်းများ မူးနေသလား ကျွန်တော် ကြည့်မိတော့ မူးနေဟန်လဲ မတွေ့ရပါ။

“ငါတို့ ရုံးကိုလာတယ်။ တစ်ချိန်လုံး အလုပ်အကြောင်းပြောကြ.. တစ်နေကုန် အလုပ် လုပ်ကြ.... ဘယ်မှာလဲ နွေးထွေးတဲ့ ခင်မင်မှုတွေ..၊ ဒီနေ့ ဒီအချိန်မှာ.. ငါ လိုချင်တဲ့ နွေးထွေးမှုတွေကို ရတယ်။ ငါတို့ အားလုံး မိသားစု လို့ စိတ်ထဲမှာ ခံစားရတယ်။ အဲဒီအတွက် ငါ ဒီနေ့ သိပ်ပျော်တယ်”

မိသားစု...၊ နွေးထွေးမှု.....

ထိုစကား နှစ်ခွန်းက ကျွန်တော့် အာရုံထဲမှာ အရိုက်ခတ်နိုင်ဆုံး...

ကျွန်တော်တို့ ရုံးမှာ အားလုံးလိုလိုက တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်လေ့မရှိကြ။ ရုံးထဲ ဝင်လာလျှင် ကိုယ့်စားပွဲမှာ ကိုယ်ထိုင်ကာ အလုပ်လုပ်ကြပြီး ရုံးဆင်းချိန်မှာလည်း ကိုယ့်ပစ္စည်းကိုယ် သိမ်းကာ ပြန်ကြသည်။ ရုံးချိန်အတွင်းမှာ အလုပ်ကိစ္စနှင့် ပတ်သက်သည်များသာ စကားပြောဖြစ်ကြပြီး တရုံးလုံးက ကိုယ့်အသံ ကိုယ် ပြန်လန့်ရလောက်အောင် တိတ်ဆိတ်လို့ နေတတ်မြဲ။

ရောက်တတ်ရာရာ၊ ထွေရာလေးပါး စကားများကို ပြောဖြစ်ကြချိန်တွေက နေ့စာ ထမင်းထွက်စားချိန် တစ်ခုတည်းသာ။

ကျွန်တော့်မှာ ရုံးက ပြန်လာလျှင် စကားပြောစရာ မိတ်ဆွေသူငယ်ချင်းတွေ ရှိသည်။ ကျွန်တော် တန်ဖိုးထား အချိန်ပေးရသည့် ချစ်သူလည်း ရှိသည်။ နှင်းရော ဒီနိုင်ငံမှာ သူငယ်ချင်း မရှိဘူးလား။ ဘယ်တုန်းကရင်း ဒီလို အထီးကျန်နေတဲ့ ဝေဒနာကို တစ်ယောက်တည်း ခံစားနေရတာပါလိမ့်။

ကျွန်တော် နှင်းကို ငေးမောကြည့်ကာ တွေးနေမိသည်။ နှင်းက သောက်လက်စ ဘီယာဗူးကို လက်စသပ်ကာ ဗြုန်းခနဲ သူထိုင်နေရာ ခုံမှ ထလာပြီး ကျွန်တော့်ထိုင်ခုံရှိရာဘက်သို့လာကာ ပုခုံးကို တင်းတင်း ဖက်ပွေ့၏။

"ငါတို့က မိသားစုတွေ..။ ဟုတ်တယ်နော် ဘရားသား"

နှင်းကို ကျွန်တော် အလိုက်သင့် ပြန်ပွေ့ဖက်ထားရင်း သူ့ကျောပြင်ကို ညင်သာဖွဖွ ပွတ်ပေးမိသည်။ ကျွန်တော် ခေါင်းလဲ မညိတ်.. ခေါင်းလဲမခါ... ပြန်လဲ မဖြေဖြစ်ပါ......။ သို့သော် ကျွန်တော့်ရင်ဘတ်ထဲမှ နွေးထွေးသော မေတ္တာကိုတော့ နှင်း ခံစားရပါလိမ့်မည်။

ကျွန်တော့်ထံပါးမှ ခွာပြီး သူ့နေရာမှာသူ ပြန်သွားထိုင်နေသော နှင်းကိုသာ ကျွန်တော် ကြည့်နေမိသည်...။ နှင်း မျက်ဝန်းမှာ မျက်ရည်ကြည်စ တစ်ချို့က ဝေ့ဝဲလို့...။

“မင်း မိသားစုကို လွမ်းနေတာလား”

မေးချင်သော မေးခွန်းကို ပြန်သိမ်းဆည်းကာ ကျွန်တော့်ကို စိုက်ကြည့်နေသော နှင်းအား တစ်ချက် ပြုံးပြလိုက်သည်။

မိသားစုကို ခင်တွယ်သော...၊ နွေးထွေးကြင်နာမှုကို ပေးဆပ်... လိုအပ်တတ်သော.....၊ နောက်ပြီး ချစ်ခြင်းမေတ္တာတရား စစ်စစ်တွေ....ကို... ငတ်မွတ်နေသော၊ မိသားစုအဝေးမှာ ဘဝကို ကျင်လည် လှုပ်ရှားနေရသော.... အထီးကျန် နှလုံးသားပေါင်း ဘယ်လောက်များများ ဒီခောတ်ကြီးမှာ... ရှိနေကြပြီလဲ..။

ထိုနေ့နောက်ပိုင်းမှ စပြီး နှင်းကို ကျွန်တော် မိသားစုတစ်ယောက်လို နွေးထွေးစွာ ဆက်ဆံ ဂရုစိုက်ဖြစ် သွားတော့သည်။ ညနေစာ စားချိန်တွေမှာလဲ တခါတရံ နှင်းနှင့်အတူ ယိုးဒယားစာ လိုက်စားဖြစ်သလို နှင်းကလည်း ကျွန်တော်တို့ မြန်မာ အစားအစာတွေကို လိုက်စားဖြစ်သည်။

ရုံးမှာ ထမင်းစားနားချိန်..၊ ကော်ဖီသောက်ချိန်တွေမှာ တစ်ယောက်ကို တစ်ယောက် စနောက်ရင်း..၊ ဘဝရည်မှန်းချက် စိတ်ကူးအိမ်မက်များကို တိုင်ပင်ဆွေးနွေးရင်း.. နားလည်မှု.. ရင်းနှီးမှုတွေက ခိုင်မာလာကြ၏။

တစ်နှစ်နှင့် ဆယ့်တစ်လတိတိ တစ်ရုံးထဲ အတူ အလုပ်လုပ်ခဲ့ကြရင်း အပြောင်းအလဲ ဖြစ်စဉ်များ ဖြစ်လာမှာကို ကျွန်တော် မေ့နေခဲ့မိ၏။ အင်း...... အခုတော့ ခွဲခွာရပြန်အုံးတော့မည်....။

“မင်းရှိနေတဲ့အတွက် ရုံးမှာ ငါ့စိတ်တွေ နွေးထွေး လုံခြုံခဲ့ရတယ်..။ ငါ့ရဲ့ အထီးကျန် အားငယ်မှုတွေ သက်သာရာ ရခဲ့တယ်။ အဲဒီအတွက် ငါမင်းကို သိပ် ကျေးဇူးတင်ပါတယ်”

နှင်းကို နှုတ်ဆက်ပွဲညစာ စားအပြီး လူစုခွဲကာ အိမ်ပြန်ကြတော့ ကျွန်တော် ကားစောင့်ရမည့် ဘတ်စ်ကားဂိတ်ထိ ကျွန်တော့်ပခုံးကို မလွှတ်တမ်းဖက်ထားလျက် နှင်းက လိုက်လာကာ ကားအတူ စောင့်ပေးရင်း ပြောလေသည်။

“မနက်ဖန် မနက်လေယာဉ်နဲ့ ငါ ပြန်ရတော့မှာ..။ ဒါက ငါ့ကို ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်၊ ဒါက ငါ့ရဲ့ အီးမေးလ် လိပ်စာ၊ အဆက်အသွယ် မပြတ်ပါနဲ့....”

“ဘိုင်..”

ကျွန်တော် စီးရမည့် ကား ရောက်လာတော့ နှင်းက ကျွန်တော့်လက်ကို တင်းတင်းဖြစ်ညှစ်ရင်း နှုတ်ဆက်သည်။

“ဘိုင်..”

နှင်း မျက်ဝန်းမှ ဝေ့ဝဲဝဲ မျက်ရည်စများကို မသိကျိုးကျဉ်ရင်း နှင်းကို ကျွန်တော် နှုတ်ဆက်လိုက်သည်။

ဘတ်စ်ကား ထွက်သွားရာထိ မျက်စိတဆုံး နှင်း ငေးကြည့်ကျန်ခဲ့မည်မှန်း ကျွန်တော် သိနေပါသည်။

မိသားစု...၊ နွေးထွေးမှု.....

နှင်း၏ အသံ တစ်ချို့ကို ကျွန်တော် ပြန်ကြားယောင်ရင်း ဆုံတွေ့ခြင်း၊ ပိုင်ဆိုင်ခြင်း အရာရာ အားလုံးသည် တစ်ချိန်တော့ ခွဲခွာခြင်း၊ ဆုံးရှုံးခြင်း၊ စွန့်လွှတ်ရခြင်း များနှင့် ရင်ဆိုင်ရမှာမှန်း ကိုယ့်ကိုယ်ကို အထပ်ထပ် သတိပေးနေရ၏။ အတိတ်တွေက ပြန်မရနိုင်သလို အနာဂါတ်ဆိုသည်မှာလဲ တစ်ခါတစ်ခါ ကိုယ် မျှော်လင့်ထားသည်များအား လွဲချော်စေတတ်သည်။ သေချာသည်က ပစ္စုပ္ပန် တစ်ခုတည်းသာ...။ ဒီတော့ ဆုံတွေ့ချိန်မှာ ဒီ သံယောဇဉ်တွေကို တွယ်တာမြတ်နိုးပြီး.... ပိုင်ဆိုင်ချိန်မှာ တန်ဖိုးထားတတ်ဖို့သာ လိုအပ်သည် မဟုတ်လား။

ဘတ်စ်ကားက တရိပ်ရိပ်ပြေးနေ၏။ မှတ်တိုင်တွေမှာ လူတွေ တက်လာကြသည်။ ဆင်းသွားကြသည်..။

ခရီးသွားနေသူတွေထဲမှာ.....

မိသားစု...၊ နွေးထွေးမှု..... တွေကို လိုအပ်နေသော အထီးကျန် နှလုံးသားပေါင်း အဘယ်မျှ ရှိနေမည်လဲ...။


သံသရာက ထိန်းကျောင်းပေးခဲ့သော ၀တ်မှုန်အချို များ
အာရုံကို အာရုံချင်းချိတ်ဆက်ယှက်သွယ်ထားလိုက် ပုံ
...........................
ဆန်းပြားတယ်.။

မေတ္တာနဲ့နူးညံ့နေတဲ့ စိတ်ခင်းကဗ္ဗလာ
မေတ္တာနဲ့ သွေးလေလည်ပတ်မှုအနွေး
ခံစားနားလည်ပေးနိုင်မှုချင်း ထုံကူးကြ

နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ်.... ဆိုတဲ့ ဖတ်ခဲ့ဖူးသော ကဗျာလေးထဲက တစ်ပိုင်းတစ်စကို ရွတ်ရင်း......


ကိုယ့်နှလုံးသားကိုယ် ပြန်ငုံ့ကြည့်မိတော့ ဒဏ်ရာတစ်ချို့က နွေးထွေးစွာ ပြုံးပြလို့...။



မေတ္တာဖြင့်

မိုးကုတ်သား

13 comments:

မေသူ said...

အချိန်တန် အိမ်ပြန်ရမှာပေါ့ နော ကိုဘို

chocothazin said...

အစ်ကိုရေ... နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်.... ဟုတ်လိုက်လေနော်။

"ငါတို့က မိသားစုတွေ..။ ဟုတ်တယ်နော် ဘရားသား"
နှင်းပြောသလို သဇင်ပြောသွားပါတယ်။

စိုင်းစိုင်းလားရှိုး said...

ဆရာလုံ စာတွေက အတွေးတွေ နက်နဲလာတယ်
ဆရာလုံ စာတွေ ဖတ်လို့ကောင်းလာတယ်

noblemoe said...

စားဖတ်ရင် ခံစားသွားရလောက်အောင်ရေးတတ်လိုက်တာ ကိုဘိုကြီး မိုးလည်းအဲဒီလိုပဲပြောလိုက်မယ်နော်
"မိုးတို့ ကမိသားစုတွေ...ဟုတ်တယ်နော်ဘရားသား"
ှနှင်းရဲ့ စကားတစ်ခွန်းအကြိုက်ဆုံးပဲ
အမှန်ပြောရရင် မိုးလည်းလူတွေနဲ့ သိပ်အရောတဝင်မနေတာ အဲဒီခွဲခွါခြင်းခံစားချက်တွေကိုကြောက်လို့  သံယောဇဉ်ကြီးတတ်တဲ့သူတွေက အရမ်းခံစားရတယ်လေ။
ရေစက်ရှိသလောက်ပဲပေါ့ လေ တွေ့ ဆုံတဲ့ချိန်မှာ အကောင်းဆုံးဖြစ်အောင်နေထိုင်သွားကြတာပေါ့
သာယာချမ်းမြေ့ပါစေနော်
မိုး

Anonymous said...

ရင်ခွင် မှီတွယ်ရာ သံယောဇဉ်ဆိုတဲ့စကားလုံးတွေနဲ့ ထုံးဖွဲ့ချည်နှောင်ရာ.............

ပူလောင်သောချစ်ခြင်းမျိုးမဟုတ်ပဲ နွေးထွေးမှုပေးသော

ထို့ထက်ပို၍ အရိပ်အာဝါသဖွယ်

ဆွတ်စိုခဲ့သော မျက်ရည်စတို့ကို ပျောက်ကွယ်စေနိုင်သော ရင်ခွင်..........

အနှီအနှီသောရင်ခွင်တို့ကို မေ့ပျောက်လွယ်သော

ဖျောက်ဖျက်ပစ်နိုင်သော

စသည်စသည် အတွေးများစွာဖြင့်..........

စာဖတ်သူ

~ဏီလင်းညို~ said...

ကိုမိုးကုတ်
(ကျွန်တော်နဲ့ ဒီမှာအတူနေသွားတဲ့ မိုးကုတ်က အစ်ကိုကြီးဆို ကျွန်တော်အမြဲအဲ့သလို ခေါ်နေကျမို့ဗျာ...။ သူ့ကိုတောင် သတိရမိတယ်...။)
စာရေးထားတာဖတ်လို့ကောင်းလိုက်တာဗျာ....။
မှန်တယ်ဗျနော့်......
ကျွန်တော်တို့တွေ တစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံချိန်လေးတွေကို တန်ဖိုးထားတတ်ကြသင့်တယ်...။
မိသားစုရဲ့ နွေးထွေးမှုကို လိုအပ်နေတဲ့သူတွေထဲမှာ ကျွန်တော်လည်းပါတယ်လေ...။
အဲ့ဒါကြောင့် လိုချင်တာကို စာထဲပဲထည့်ထည့်ရေးရင်းနဲ့ပဲ............

(နှစ်သစ်မှာ အစစ အဆင်ပြေပျော်ရွှင်ပါစေဗျာ...။ ဆုတောင်းပေးတယ်....း))

ခင်မင်တဲ့
ဏီလင်းညို

Ree Noe Mann said...

ဘာပြောရမှန်းတောင် မသိဘူး ဖြစ်သွားတယ်။

ကောင်းတယ်။ စိတ်ဝင်းစားဖို့....

ဇွန်မိုးစက် said...

ဖတ်ပြီး ရင်ထဲမှာ နွေးသွားတယ်။

မင်္ဂလာရှိသောနှစ်သစ် ဖြစ်ပါစေရှင်။

အကို့မျက်နှာ အိုးမည်းသုတ်ဖူးတဲ့
ညီမဇွန် :P

Angel Shaper said...

တွေ့ဆုံ ပြီးတော့ ကွဲကွာ ဓမ္မတာပါပဲလေ......
သူအထီးကျန်နေတဲ့အချိန်မှာ နွေးထွေးမှုပေးလိုက်နိုင်လို့
ကျေနပ်စရာပါ..............ပျော်ရွှင်ပါစေ။

မယ်ကိုး said...

စာလေးက အရမ်းလှပါတယ်။ ဒီလို လှတဲ့ စာလေးတွေ ဆက်လက်သီကုံးပါဦး

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန် said...

နှင်းက ပြန်သွားပြီးပေါ့လေ။

လာချင်ရင် အနီးလေး။

ငိုချင်ရင် မျက်ရည်ဝဲ တဲ့။

တခါတလေ

နွေးထွေးတဲ့ မိသားစု ဘဝဟာ ငြိမ်းချမ်းဖို့ကောင်းပါတယ်။

တခါတလေတော့

နွေးထွေးမှုက အေးစက်နေတတ်ပြန်တယ်။

Orange Chit Thu said...

U U BO, It's so touching...I like the last sentence so much ... "ကိုယ့်နှလုံးသားကိုယ် ပြန်ငုံ့ကြည့်မိတော့ ဒဏ်ရာတစ်ချို့က နွေးထွေးစွာ ပြုံးပြလို့..." Nice one, and also feel something...
By the way, I think that I know the Anonymous above...I think I can feel the writing style...Oops! It's not me naw....

Anonymous said...

သံသရာက ထိန်းကျောင်းပေးခဲ့သော ၀တ်မှုန်အချို များ
အာရုံကို အာရုံချင်းချိတ်ဆက်ယှက်သွယ်ထားလိုက် ပုံ
...........................
ဆန်းပြားတယ်.။