Friday, May 4, 2012

အ၀ါရောင် ည

အ၀ါရောင် ည


လေပြည်တွေက ရူးရူးသုတ်သုတ်နဲ့ ကန်ဘောင်လျှောက်လမ်းမှာ ပြေးလွှားလို့ နေကြသည်။ အိမ်က ထွက်လာစမှာ အိုက်လို့ ဖြုတ်ထားတဲ့ အင်္ကျီကြယ်သီးတွေကို လည်ပင်း ပိတ်လုံသည်ထိ ဆွဲစိပစ်လိုက်ရသေးသည်။ ညကြီးသန်းခေါင်မှာမှ အဝေးပြေးလမ်းမကြီးမှာ ကားတွေ များလိုက်တာ။
တဝေါဝေါနှင့် ဖြတ်သန်းသွားသော ကားများက ညသန်းခေါင်း အဝေးပြေးလမ်းမကြီးမှာ တစ်ယောက်ထဲ လမ်းလျှောက်နေသော ကျွန်တော့်ကို အရူးလို့ ထင်ကောင်းထင်နေကြလေမလား..။
အဝေးပြေးကားလမ်းမကြီး နံဘေးမှာ ဖြတ်စီးနေသော မြစ်ပြင်ကို ငေးကြည့်ရင်းက ကျွန်တော့် မြင်ကွင်းတွေထဲ အ၀ါရောင်တွေ သိပ်များနေတာ သတိထားမိလာသည်။
ညောင်းညာလာသော ခြေလှမ်းတို့ကို ရပ်တန့် အနားပေးဖို့ လိုအပ်လာတော့ ကျွန်တော်က လူနေအိမ်တွေနှင့် ဝေးဝေးမှာ ရောက်နေခဲ့ပြီ။ ကျွန်တော် နင်းလျှောက်နေသော မြက်ခင်းပေါ်ပဲ ထိုင်ချ အနားယူရမလား စဉ်းစားရင်း တဝေါဝေါ ဖြတ်သန်းသွားနေသော ကားများက ကျွန်တော့် မြင်ကွင်းကို နင်းဖြတ်နေသလို ခံစားနေရသောကြောင့် မြစ်ကမ်းနံဘေးကို ဆင်းကာ ထိုင်ဖို့ ဆုံးဖြတ်လိုက်သည်။

တကယ်တမ်းတော့ ခု ကျွန်တော် ရပ်တန့်နေရာ မြက်ခင်းပြင်နှင့် သစ်ပင်တန်းတွေဘေးမှာ မြစ်ကမ်းဘေးကို ဆင်းမရအောင် ကာထားသော ခါးလောက် မြင့်သည့် သံတိုင်တွေ ရှိသည်။
ဟိုတစ်ဘက်ကို ဖြတ်ကျော်လျှင် ဒဏ်ရိုက်ခံရမည်လား မစဉ်းစားမိလောက်အောင်ပင် မြစ်ပြင်က ကျွန်တော့်အား ညှို့ငင်လို့ သွားခဲ့ပါသည်။
သံတိုင်တွေကို ကျွန်တော် ဘယ်လို ခုန်ကျော် ဖြတ်ခဲ့လိုက်သည်လည်း ကျွန်တော် မသိ.. သံတိုင်ဘေးက ရေနှုတ်မြောင်းကို ဘယ်လို ကူးခဲ့လေသလဲ ကျွန်တော် မသိ။ ကျွန်တော့် အာရုံသည် အ၀ါရောင်များဖြင့် ပြည့်နေခဲ့သည်။ ဖြတ်သွားသော ကားများဆီက အလင်းတန်းများ၏ အ၀ါရောင်များကလည်း သူတို့၏ တဝေါဝေါ အသံများကိုပါ အ၀ါရောင် စွန်းပေသွားစေသည်။ နေ့ခင်းဘက်က ခရမ်းပြာရောင် တောက်တောက် ရှိနေကြသော စက္ကူပန်းရုံများကလည်း နီယွန်မီးတွေဆီက အ၀ါရောင်တွေ ကူးစက်ကာ အ၀ါတွေ စွန်းကုန်ကြပြီ..။ ဟိုး ဝေးဝေး တမျှော်စာက လူနေတိုက်ခန်း မြင့်မြင့်မားမား တွေကလည်း မီးရောင်များကြောင့် အ၀ါရောင် ဖြစ်လို့ နေသည်..။
ပတ်ဝန်းကျင်တစ်ခုလုံး အ၀ါရောင် ဖုံးလို့ နေတော့ မြစ်ပြင်ထဲမှာ အရိပ်လာထင်သော ပုံရိပ်များကလည်း အ၀ါရောင်တွေ..။ ဒီတော့ မြစ်ရေပြင်လည်း အ၀ါရောင်များသာ လွှမ်းလို့ နေ၏။
တစ်ချက်တစ်ချက် ကြားရသော ပုရစ်အော်သံ၊ ၊ ဖားအော်သံတွေကအစ အ၀ါရောင်တွေ ဖြတ်ခနဲ လင်းပွင့်လာသလို ည၏ တိတ်ဆိတ်မှုကို ထိုးခွဲနေကြလေတော့သည်.။
အ၀ါရောင် မြင်ကွင်းထဲ ကျွန်တော် အဘယ်မျှ လွှင့်မျောသွားသည်လည်းမသိ..။ တောင့်တင်းလာသော ခြေသလုံးများကြောင့် အသိဝင်လာတော့ စက္ကူပန်းရုံနံဘေးမှာ ကျွန်တော်က မလှုပ်မယှက် ငြိမ်သက်ရပ်တန့်လို့။
စက္ကူပန်းရုံကို ကျော်ဖြတ်ကာ မြစ်ဆိပ်နှင့် နီးနီးဆီ ဆင်းသွားရမလား။
အပူရောင်လို့ ကျွန်တော် သတ်မှတ်ထားသော အ၀ါရောင်တွေက ခုချိန်မှာ ကျွန်တော့်ကို ညှို့ငင်ဖမ်းစားနိုင်နေတာတော့ အသေအချာ။
အ၀ါရောင်တွေ တလက်လက်ပြေးနေသော ရေပြင်မှာ လေလှိုင်းကြက်ခွပ်လေးတွေ ကခုန်နေပုံက ကျွန်တော့်ကို သူတို့နှင့်အတူ လာကဖို့ ဖိတ်ခေါ်နေသလား။ ကျွန်တော့် ခြေလှမ်းတို့ ရှေ့လှမ်းမယ် ပြင်ပြီးကာမှ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်လို့သွားခဲ့သေးသည်။
ကြည်နူးဆွတ်ပျံ့ဖွယ်သော..၊ ငြိမ်းချမ်းအေးမြဖွယ် အဆင်းရှိသော ထိုရွှေဝါရောင်သန်းသည့် မြင်ကွင်းနှင့် မြစ်ပြင်က ကျွန်တော့်လို လူတွေကို ဘယ်နှစ်ယောက်များ ဖျားယောင်းသွေးဆောင်ခဲ့ပြီးပြီလဲ.. ကျွန်တော် မသိနိုင်။
ကျွန်တော် ကျော်ဖြတ်ခဲ့သော သံတံတိုင်းနှင့် ရေနှုတ်မြောင်းကို ပိုက်ဆံအကုန်ခံပြီး တမင် ကာဆီးထားတာ မဟုတ်မှန်း သေချာလာသည်..။
သို့သော် ကျွန်တော်က တားဆီးထားသော စည်းတစ်ခုကို ဖြတ်သန်း ကျော်ဖြတ်ခဲ့ပြီးပြီ။
ယစ်မူးဖွယ် အ၀ါရောင်ညကို ကျွန်တော့်အာရုံမှာ သုတ်လိမ်းမိခဲ့ပြီ။
နောက်တစ်ခေါက် ဒီနေရာ ထပ်လာလို့ ခုလို ပြည့်စုံလှပသော အ၀ါရောင်ညကို နောက်တစ်ကြိမ် ထပ်ရနိုင်ဖို့ သေချာ မျှော်လင့်ထားလို့ မရ..။
အ၀ါရောင် ညမြင်ကွင်းနှင့် အ၀ါရောင် လူးလွန့်လက်ဖြာနေသော လှိုင်းကြက်ခွပ်များ..။ နောက်ပြီး.... မြစ်ပြင်မှာ ၀ိုးတ၀ါးထင်နေသော တိမ်တိုက်များနှင့် ကောင်းကင်ကြီးသည်လည်း အ၀ါရောင် သန်းနေမလား။ ဘာကြောင့်မှန်းမသိပဲ ကောင်းကင်ကြီးကို မော့မကြည့်ရဲတော့။ သေချာသည်မှာ... ကောင်းကင်ကြီးပါ အ၀ါရောင်တွေ လွှမ်းနေခဲ့လျှင် ခန်းနားသော၊ ကြီးကျယ်သော ရွှေရောင်လွှမ်းသည့် ညချမ်းမှာ ကျွန်တော် သေးနုပ် ပျောက်ကွယ်သွားမှာ စိုးရိမ်မိနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။
ထူးဆန်းသည်ကတော့ အ၀ါရောင်ညသည် ကျွန်တော့်ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်းအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားခဲ့ခြင်းပဲ ဖြစ်သည်..။
နောက်တစ်နေ့ နံနက်ခင်းမှာ အရာရာဟာ ပုံမှန်အတိုင်း လည်ပတ်စီးဆင်းနေလိမ့်မည် ဆိုတာကိုလည်း ကျွန်တော် သတိမရနိုင်တော့..။ ကိုယ့်ကိုကိုယ် အ၀ါရောင်အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့သော ကျွန်တော်သည်..... အ၀ါရောင်ည.. အ၀ါရောင်လေပြည်.. အ၀ါရောင် လှိုင်းတွေကြား ကျွန်တော့်ကိုယ် ကျွန်တော် ဒလိမ့်ခေါက်ကွေး စီးဆင်းပြစ်လိုက်လေတော့သည်။ ။

မေတ္တာဖြင့်

မိုးကုတ်သား

1 comment:

rose of sharon said...

အ၀ါရောင်ည.. အ၀ါရောင်လေပြည်.. အ၀ါရောင် လှိုင်းတွေကို မြင်ယောင်ကြည့်မိတယ်... အရေးအသားအရမ်းကောင်းတယ်....